MSS 8: ထာ၀ရဘုရားနှင့်ပဋိညာဉ်တော်
သင်ခန်းစာ (၈)
ထာ၀ရဘုရားနှင့်ပဋိညာဉ်တော်
နိုဝင်ဘာ ၁၆ – ၂၂
ဥပုသ်နေ့မွန်းလွဲပိုင်း နိုဝင်ဘာ ၁၆
ဖတ်ရန်ကျမ်းချက်များ။ နေဟမိ ၁ဝး၁-၂၉။ ကမ္ဘာဦး ၄း၈-၁၉။ ဟေဗြဲ ၁၃း၂၀။ ယောရှု ၂၄။ နေဟမိ ၁ဝး၃၀-၃၉။ ဟေဗြဲ ၈း၁-၇။
အလွတ်ကျမ်းချက်
“ထိုအကြောင်းအရာများကို ငါတို့သည်ဆင်ခြင်ပြီးမှ သစ္စာပြု ၍၊ စာချုပ်ကိုလည်းရေးထားလျက်၊ ငါတို့အကြီးအကဲယဇ်ပုရောဟိတ် လေဝိသားတို့သည် တံဆိပ်ခတ်ကြ၏။. . . ငါတို့ဘုရားသခင်၏ အိမ်တော်ကို ငါတို့သည် စွန့်ပစ်၍မထားရကြ” (နေဟမိ ၉း၃၈။ ၁ဝး၃၉)။
ပဋိညာဉ်ဟုဆိုရာ၌ သမ္မာကျမ်းမှမည်သို့အဓိပ္ပါယ်ဖွင့်ဆိုထားသနည်း။ အလွယ်ကူဆုံးအဓိပ္ပါယ်ဖွင့်ဆိုရလျှင်၊ လူနှင့်ဘုရားတရားဝင်တည်ထောင်သော ရင်းနှီးဆက်နွှယ်ခြင်းဟု အဓိပ္ပါယ်ပြန်ရပါမည်။ ဘုရားရှင်မိန့်တော်မူသော စကားမှာ “သင်တို့သည် ငါပိုင်ထိုက်သောအမျိုး၊ ငါသည် သင်တို့၏ဘုရားသခင် ထာ၀ရဘုရားဖြစ်တော်မူ၏။” ထိုထက်ပို၍ ရှေးခေတ်မှလူများရေးဖွဲ့ကြသော ပဋိညာဉ်မှာ ခေါင်းဆောင်များနှင့်လက်အောက်ခံနောက်လိုက်များအကြား ထားရှိသောကတိကဝတ်ကို ရေးမှတ်ထားသည်။
ပဋိညာဉ်ကိုရေးဖွဲ့ရခြင်းမှာ တစ်ဘက်နှင့်တစ်ဘက် အပြန်အလှန် အကျိုးပြုမည့်အကြောင်းကို ရေးသားမှတ်သားကြခြင်းဖြစ်သည်။ ခေါင်းဆောင် တို့သည် ငယ်သားများကိုဂရုစိုက်သကဲ့သို့ ငယ်သားများတို့သည်လည်း လေးစားသမှုကိုပြန်လည်ထားရှိရန်ဖြစ်သည်။ သို့သော် ဘုရားသခင်နှင့်ထား သောပဋိညာဉ်မှာမူ ခြားနားချက်ရှိသည်။ ဘုရားသခင်ဘက်မှ မည်သည့်အရာ တစ်စုံတစ်ခုမျှမရရှိပါသော်လည်း ကိုယ်တော်ဘက်၌ကတိတည်ပါမည်ဟု ပဋိညာဉ်ထားတော်မူ၏။ လူသားများထားရှိသောပဋိညာဉ်ကို မလိုက်လျှောက် ပျက်ကွက်သည့်တိုင် ဘုရားသခင်သည် အစဉ်တည်မည်ဟု ကတိထားပြု တော်မူသည်။ ပဋိညာဉ်နှင့်အတူ ကောင်းချီးနှင့်ကျိန်ခြင်းသည် တွဲလျက်ပါ လာသည်ကို ဣသရေလလူမျိုးများသဘောပေါက်ကြသည်။ အထူးသဖြင့် ပဋိညာဉ်ကိုချိုး၍ အဆင်မပြေမှုများစတင်လာသောအခါမျိုး၌ သိကြရသည်။
ယခုအပတ်တွင် ဣသရေလလူမျိုးများ ဘုရားရှင်နှင့်အသစ်ဖွဲ့သော ပဋိညာဉ်အကြောင်းကို လေ့လာသွားပါမည်။ ထိုအကြောင်းကို နေဟမိ (၁၀) တွင်တွေ့ရသည်။ သမ္မာကျမ်းထဲမှ ပဋိညာဉ်ပြုခြင်း၏အရေးကြီးပုံအကြောင်း ကိုလည်း ဆွေးနွေးဖလှယ်ကြရမည်ဖြစ်သည်။
တနင်္ဂနွေ နိုဝင်ဘာ ၁၇
ပဋိညာဉ်၏သဘောတရား
နေဟမိ ၁ဝး၁-၂၉ ကိုဖတ်ပါ။ (မှတ်ဥာဏ်ကိုပြန်လည်အားသစ်တိုး စေသောသဘောဖြင့် နေဟမိ ၉း၃၆-၃၈) ကိုလည်းပြန်ဖတ်ပါ။ ထိုပဋိညာဉ် ကိုမည်သူပြုခဲ့သနည်း။ မည်သည့်အတွက်ပြုခဲ့ကြသနည်း။
————————————————————————————————————————————–
ခေါင်းဆောင်များသည် ရေးသားချက်များအပေါ်လက်မှတ်ရေးထိုး သည့်တိုင် ကျမ်းချက်၏ညွှန်ပြချက်အတိုင်းမှာ “ထိုပြည်သားတို့နှင့်ကွာသော သူအပေါင်း ငါတို့အရှင်ထာ၀ရဘုရား၏ပညတ်တော်များ စီရင်ထုံးဖွဲ့တော် မူချက်ကိုစောင့်ရှောက်ပါမည်ဟု ကျိန်ဆိုကြသည်” (နေဟမိ ၁ဝး၂၈၊၂၉)။ ဘုရားသခင်နှင့်သဘောတူချက်ပြုရန် ပဋိညာဉ်ပြု၍၊ အဘယ်ကြောင့်လူတို့သည် ဆန္ဒရှိကြပါသနည်း။ ထိုမေးခွန်းကိုဖြေဆိုရန်မှာ အစသို့ပြန်သွားပြီးလေ့လာရန် လိုအပ်ပါလိမ့်မည်။ သမ္မာကျမ်းစာ၌ဖော်ပြလေ့ရှိသော ပဋိညာဉ်ပြုခြင်း၏ သဘောသဘာ၀ကိုလည်း နားလည်ရန်လိုသည်။
ပဋိညာဉ်သည် အလွန်အရေးကြီးသောအရာတစ်ခုဖြစ်ရခြင်းမှာ အပြစ် နှင့်ပြည့်၀သောလူသားများကို ဘုရားသခင်မည်သို့မည်ပုံထိန်းသိမ်းလမ်းပြခဲ့ ကြောင်း သမိုင်းကြောင်းကိုသိခွင့်ရစေသည်။ လူနှင့်ဘုရားမည်သို့ဆက်သွယ် နေသည်ကိုလည်း ဖော်ပြချက်တစ်ခုဖြစ်သည်။ လူသားများမှ ဘုရားသခင်ကို ဆက်ကပ်ပူဇော်ရန်ဆန္ဒရှိကြောင်းကိုလည်း ဖော်ပြပေးထားပါသည်။
ကမ္ဘာဦး ၁ နှင့် ၂ ၌ဖော်ပြသော ဖန်ဆင်းခြင်းအကြောင်းမှာ ပထမဦးဆုံးလူသားကိုဖန်ဆင်းခြင်းအကြောင်းဖော်ပြထားပြီး ဘုရားရှင်နှင့်လူသား၊ လူသားအချင်းချင်းရင်းနှီးဆက်သွယ်ပုံကို ရေးသားထားသည်။ အပြစ်ဝင်ရောက် လာသည်နှင့် ရင်းနှီးဆက်ဆံမှုအားလုံး ပြိုပျက်ခဲ့ရသည်။ အပြစ်ဟူသည် ဖန်ဆင်းဖြစ်ပေါ်လာခြင်းကို ဖျက်ဆီးပစ်သောအရာနှင့်သေဆုံးပပျောက်သွား ခြင်းကိုဖြစ်စေသောအရာဖြစ်သည်။
ကာဣနဘက်မှ အပြစ်ပြုခြင်းကိုရွေးချယ်ခြင်းသည် အာဒံ၏မျိုးရိုး ဗီဇကိုကွဲပြဲသွားစေပြီး (ကမ္ဘာဦး ၄း၈-၁၉)၊ ရှေသသည် ဘုရားရှင်ကိုဖက်ယမ်း သောသူဖြစ်သည် (ကမ္ဘာဦး ၅း၃-၂၄)။ ကာဣနမှဆင်းသက်လာသောသူမှာ လာမက် (ကမ္ဘာဦး ၄း၁၇၊၁၉)၊ သတ္တမမြောက်အာဒံမှဆင်းသက်သောမျိုးဆက် ဖြစ်သည်။ မိန်းမအများယူသောစနစ်ကို ကျင့်သုံးသူဖြစ်သည်။ ရုန်းရင်းခတ် ခြင်းကိုအလိုရှိသောကာဣနနှင့် သစ္စာရှိသောရှေသတို့သည် ညီအစ်ကိုအရင်း ဖြစ်သော်လည်း ခံယူမှုစာရိတ္တမှာ ဆန့်ကျင်ဘက်ဖြစ်သည်။ ရှေသ၏ မျိုးဆက်သည် ရေတွက်ခြင်းခံရသည်။ သူ၏မျိုးဆက်မှဆင်းလာသူ သတ္တမ မြောက်မျိုးဆက်ဖြစ်သည့် “ဧနောက်” သည် “ဘုရားသခင်နှင့်အတူလျှောက် လှမ်းသူ” ဟုဖော်ပြပြန်သည် (ကမ္ဘာဦး ၅း၂၄)။ ကောင်းကင်သို့အရှင်လတ်လတ် ယူဆောင်သွားခြင်းခံရသည်။
အကြောင်းမလှ၍ ကမ္ဘာကြီးသည် ဘုရားသခင်ကိုဖက်ယမ်းခြင်းထက် အပြစ်၏မတရားမှုကို ပို၍ခင်တွယ်ကြသည်။ သစ္စာရှိသောမျိုးဆက်မှဆင်းသက် လာသူအလွန်နည်းလွန်း၏။ မကြာမီသောအချိန်အတွင်း ဘုရားသခင်ပေးထား သောကတိတော်ဖြစ်သည့် ကယ်တင်ရှင်ကိုစေလွှတ်မည့်ကတိကို လက်ခံမည့် မိသားစုဟူ၍မရှိသလောက်ဖြစ်လာသည်။ သို့ဖြင့်ဘုရားသခင်သည် ရေလွှမ်းမိုး ခြင်းဖြင့်သတိပေးခဲ့သည်။ ဖန်ဆင်းထားသမျှလက်ရာတော်များ ပျက်စီးဆုံးရှုံး သွားခဲ့ရသည်။ လူသားများသက်ရှိသတ္တဝါများ အသက်ဆုံးရှုံးခဲ့ရသည်။ လူသားများဖျက်ဆီးခဲ့သောအရာကိုသာ ဘုရားရှင်ဖျောက်ဖျက်တော်မူခဲ့သည်။ (ကမ္ဘာဦး ၆း၁၁-၁၃)။
အပြစ်ကြောင့်ပျက်စီးသွားရသောအရာကို သင်ကိုယ်တိုင်တွေ့မြင်ခံစား ရဖူးပါသလား။ အပြစ်ကိုကာသတ်ခုခံနိုင်သောတန်ခိုး၊ တစ်ခုတည်းသော တန်ခိုးသည် မည်သည့်တန်ခိုးဖြစ်သနည်း။ ထိုတန်ခိုးကို ကျွန်ုပ်တို့အတွက် မည်သို့အသုံးချနိုင်သနည်း။
တနင်္လာ နိုဝင်ဘာ ၁၈
ရာဇဝင် တွင်ကျန် ခဲ့သောပဋိညာဉ်များ
ရေလွှမ်းမိုးပြီးသည်နောက် ထာ၀ရဘုရားသည် အသစ်တစ်ဖန်ပြန်လည် စတင်သည်။ နောဧနှင့်သူ၏နောက်ပိုင်းမွေးဖွားလာသူများနှင့်အတူ ကမ္ဘာကြီး ကိုအစမှပြန်လည်၍ပြုစုပျိုးထောင်ခဲ့သည်။ လူနှင့်ဘုရားဆက်သွယ်မှုကို ကိုယ်တော်ရှင်ပြန်လည်ပြုတော်မူသည်။ ထိုဆက်သွယ်မှုကို ပဋိညာဉ်အားဖြင့် သဘောတရားတစ်ခုထားကာပြုလုပ်ခဲ့သည်။ သမ္မာကျမ်းစာ၌အရေးပါသော ပဋိညာဉ်ခုနစ်ကြိမ်ကို ဘုရားသခင်သည် လူတို့နှင့်ပြုတော်မူခဲ့သည်။
၁။ ပထမပဋိညာဉ် – အာဒံ (ကမ္ဘာဦး ၁-၃) ၂။ ဒုတိယပဋိညာဉ် – နောဧ (ကမ္ဘာဦး ၆-၉)
၃။ တတိယပဋိညာဉ် – အာဗြဟံ (ကမ္ဘာဦး ၁၂း၁-၃)
၄။ စတ္တုထပဋိညာဉ် – မောရှေနှင့်ဣသရေလလူမျိုး (သိနာတောင်မောရှေနှင့်
ပဋိညာဉ်) ဟုကျော်ကြားသည်။ (ထွက် ၁၉-၂၄) ၅။ ပဉ္စမပဋိညာဉ် – ဖိနဟတ် (တော ၂၅း၁၀-၁၃)
၆။ ဆဌမပဋိညာဉ် – ဒါဝိဒ်မင်း (၂ရာ ၇း၅-၁၆)
၇။ သတ္တမပဋိညာဉ် – ပဋိညာဉ်သစ် (ယေရမိ ၃၁း၃၁-၃၄)
အောက်ပါကျမ်းချက်များကိုဖတ်ပါ။ “ထာ၀ရပဋိညာဉ်” ဟုဆိုသော ဝေါဟာရ၏အဓိပ္ပါယ်မည်သို့ရှိသနည်း။ (ကမ္ဘာဦး ၉း၁၆။ ၁၇း၇။ ဟေရှာ ၅၅း၃။ ဟေဗြဲ ၁၃း၂၀)။
————————————————————————————————————————————–
ကျမ်းစာတွင် တစ်ခုတည်းပေါင်းစုထားသော “ထာ၀ရပဋိညာဉ်” စကားကို ဖော်ပြသောအကြိမ် (၁၆) ကြိမ်ရှိသည်။ (၁၆) ကြိမ်ထဲမှ (၁၃) ကြိမ်ကို အာဗြဟံနှင့်အထူးထားရှိသောပဋိညာဉ်ဖြစ်သည်။ သိနာတောင်၌
ဣသရေလလူများ၊ ဒါဝိဒ်မင်းနှင့်ပြုသောပဋိညာဉ် စသည်တို့အကြောင်းကို အထက်တွင်ဖော်ပြပြီးဖြစ်သည်။ အပြိုင်အဆိုင်ပြုခြင်းမဟုတ်သော်လည်း ထာ၀ရပဋိညာဉ်ဟု စွဲမှတ်ရသည်ချည်းပင်ဖြစ်သည်။ အသီးအသီးသောပဋိညာဉ် တို့သည် ထာ၀ရပဋိညာဉ်ပြုခြင်းကို ပို၍ပို၍သဘောပေါက်စေသည်ချည်းပင် ဖြစ်သည်။ ထိုပဋိညာဉ်တိုင်းမှာ မေတ္တာတော်ကိုအခြေခံသည်ချည်းသာဖြစ် သည်။ ပထမအကြိမ်ကြေညာခြင်းကို ကမ္ဘာဦး ၃း၁၅ တွင်တွေ့ရပြီး၊ သမ္မာ ကျမ်းစာတစ်အုပ်လုံး တောက်လျှောက်ထိုပဋိညာဉ်ကိုပင် ထပ်ခါထပ်ခါပြန်၍ အတည်ပြုရေးသားသည်ချည်းပင်ဖြစ်သည်။ မေတ္တာတော်အခြေခံသောပဋိညာဉ် (ထာ၀ရပဋိညာဉ်) သည် ကယ်တင်ခြင်းစီမံကိန်းကို ပြည့်၀စုံလင်စွာဖော်ပြ ကျင့်ဆောင်ပြသည်။ ပဋိညာဉ်အသစ်နှင့်ပဋိညာဉ်အဟောင်းသည် မတူညီ ကွဲပြားသယောင်သဘောခြင်းမသက်ဆိုင်ဟန်ရှိသော်လည်း အမှန်မှာ ထပ်တူ ထပ်မျှတစ်မျိုးတစ်ခုတည်းသာဖြစ်သည်။
(၁) သန့်ရှင်းစေခြင်း။ ငါ၏ပညတ်တရားကို သူတို့အတွင်းထဲသို့ သွင်းမည်။ သူတို့နှလုံးပေါ်မှာရေးထားမည်။ (ယေရမိ ၃၁း၃၃။ ဟေဗြဲ ၈း၁၀ နှင့်နှိုင်းယှဉ်ပါ။)
(၂) ပြန်လည်ရင်ကြားစေ့ခြင်း။ ငါသည် သူတို့၏ဘုရားသခင် ဖြစ်မည်။ သူတို့သည်လည်း ငါ၏လူဖြစ်ကြလိမ့်မည်။ (ယေရမိ ၃၁း၃၃။ ဟေဗြဲ ၈း၁၀)။
(၃) စေလွှတ်တာဝန်ပေးခြင်း။ ထိုသူတို့က၊ ထာ၀ရဘုရားကို သိလော့ဟု အမျိုးသားချင်း၊ ညီအစ်ကိုအချင်းချင်း တစ်ယောက်ကိုတစ်ယောက် ဆုံးမဩဝါဒမပေးရကြ။ အကြောင်းမူကား၊ အငယ်ဆုံးသောသူမှစ၍ အကြီး ဆုံးသောသူတိုင်အောင် ထိုသူအပေါင်းတို့သည် ငါ့ကိုသိကြလိမ့်မည်။ (ယေရမိ ၃၁း၃၄။ ဟေဗြဲ ၈း၁၁)။
(၄) မှန်ကန်ဖြောင့်မတ်စေခြင်း။ ထိုအခါငါသည် သူတို့အပြစ် များကိုသည်းခံမည်။ သူတို့ပြုသောဒုစရိုက်များကိုမအောက်မေ့ဘဲနေမည်ဟု ထာ၀ရဘုရားမိန့်တော်မူ၏။ (ယေရမိ ၃၁း၃၄။ ဟေဗြဲ ၈း၁၂)။
အင်္ဂါ နိုဝင်ဘာ ၁၉
ပဋိညာဉ်ဖွဲ့စည်းတည်ဆောက်ပုံ
ကျမ်းစာကျွမ်းကျင်သူများက သမ္မာကျမ်းတွင်ပဋိညာဉ်ပုံစံအမျိုးအစား များရှိသည်ဟု မှတ်ချက်ပြုကြသည်။ ရှေးဟိတ္တိလူမျိုးများ ပဋိညာဉ်ပြုခြင်းကို လုပ်ဆောင်ခဲ့သည်ဟု တွေ့မြင်ရသည်။ အဓိပ္ပါယ်မှာ ဘုရားသခင်သည် လူသားတို့နှင့်ဆက်သွယ်ရာ၌ ပုံစံအမျိုးမျိုးဖြင့် လူတို့၏ယဉ်ကျေးမှုဓလေ့ ထုံးစံကိုလိုက်ပြီး သူတို့နားလည်အောင်ပြုလုပ်ပေးရသည်။
ရှေးခေတ်ဣသရေလတို့ပြုသောပဋိညာဉ်ဖွဲ့စည်းပုံမှာ ယေဘုယျအားဖြင့် အောက်ဖော်ပြပါအပိုင်းများပါရှိသည်။ ကြိုတင်စကား (မည်သို့သောဘုရား)၊ နောက်ခံရာဇဝင်သက်သေ (လွန်ခဲ့သောအချိန်မှဆက်နွှယ်မှုသက်သေ) သဘော တူညီချက်များ၊ သို့မဟုတ် ထားရှိသောစည်းကမ်းများ၊ ကောင်းချီးနှင့်ကျိန် ခြင်းများ၊ သက်သေများ၊ ပဋိညာဉ်အတွက်အထူးနိမိတ်လက္ခဏာများဖြစ်ကြ သည်။ ထိုအကွက်ကြောင့် ဘုရားသခင်သည် မိမိ၏လူများနှင့်ပဋိညာဉ်ပြု ရာ၌ လူတို့နားလည်နိုင်သောအစဉ်အလာကိုသာ ပုံစံယူပြီးပဋိညာဉ်ထားသည်။ ဥပမာ၊ တရားဟောရာကျမ်းတစ်ကျမ်းလုံးတွင် ရေးသားမှုအလုံးစုံ မှာ ပဋိညာဉ် ပုံစံမျိုး ဖြင့်ရေးသားထားသည်။ မောရှေသည် ဣသရေလလူများ ကို ဘုရားရှင်နှင့်ပြန်၍မိတ်သဟာယပြုရန်ဖိတ်ခေါ်စဉ် အောက်ပါအချက်များ ပါရှိသည်။ (၁) ကြိုတင်စကား (တရားဟော ၁း၁-၅)၊ (၂) နောက်ခံရာဇဝင် သက်သေ (တရားဟော ၁း၆-၄း၄၃)၊ (၃) သဘောတူညီချက်၊ သို့မဟုတ် စည်းမျဉ်းစည်းကမ်းချက် (တရား ၄း၄၄-၂၆း၁၉)၊ (၄) ကောင်းချီးနှင့်ကျိန် ခြင်းများ (တရားဟော ၂၇-၃၀)၊ (၅) သက်သေများ (တရားဟော ၃ဝး၁၉) နှင့် နောက်ဆုံးအဖြစ် (၆) အထူးဖြည့်ဆည်းပေးမှု (တရား ၃၁း၉-၁၃)။ ယောရှု ၂၄ ကိုဖတ်ပါ။ မည်သို့သောအလားတူပဋိညာဉ်ပုံစံမျိုးကို ဖော်ပြထားသနည်း။
————————————————————————————————————————————–
အသစ်ပြန်လည်ထားရှိသော ယောရှု၏ပဋိညာဉ်ပုံစံသည် မူလပုံစံ များနှင့်တူညီပါသည်။
ပထမဦးဆုံးစကားမှာ၊ ဘုရားသခင်သည် မိမိကိုယ်ကို “ဣသရေလ အမျိုး၏ဘုရားသခင်ထာ၀ရဘုရား” ဟုဖော်ပြထားသည်။ (ယောရှု ၂၄း၂)။ တစ်ဆက်တည်းနောက်ခံရာဇဝင်သက်သေအဖြစ် ယောရှုသည် ဣသရေလ လူမျိုးအား ဘုရားရှင်အတိတ်မှပြုတော်မူချက်များကို ပြန်လည်ပြောကြားသတိရ စေသည်။ (ယောရှု ၂၄း၂-၁၃)။ နောက်ခံရာဇဝင်ပြီးသည့်နောက် သဘော တူညီချက်နှင့်စည်းမျဉ်းစည်းကမ်းများသတ်မှတ်သည်။ (ယောရှု ၂၄း၁၄၊၁၅၊ ၂၃)။ ကောင်းချီးများနှင့်ကျိန်ခြင်းတို့ကိုပါဖော်ပြထားသည်။ (ယောရှု ၂၄၊၁၉၊ ၂၀)။ သက်သေသက်ကန်များထားရှိသည် (ယောရှု ၂၄း၂၂၊၂၇)။ နောက်ဆုံး အထူးဖြည့်စွက်ချက်ကိုထည့်သွင်းသည်။ (ယောရှု ၂၄း၂၅၊၂၆)။ ဤတွင် ဣသရေလတို့၏ပဋိညာဉ်ပုံစံမှာ ဘုရားသခင်၏ပို့ဆောင်ခြင်းကို အတိတ်မှ ရာဇဝင်ကိုသာအစွဲပြုခြင်းမျိုးမဟုတ်ပါ။ ဆက်လက်၍ပဋိညာဉ်ပြီးပြည့်စုံသည် အထိ မိမိတို့သစ္စာရှိကြရန်၊ လုပ်ဆောင်ကြရန် တာဝန်ရှိကြသည်။
ယောရှု ၂၄း၁၅ ကိုဖတ်ပါ။ ယနေ့ကျွန်ုပ်တို့နေထိုင်သောအချိန်အခါ အတွက် မည်သည့်စည်းမျဉ်းစည်းကမ်းချက်များကို ရယူလုပ်ဆောင်နိုင်သနည်း။
ဗုဒ္ဓဟူး နိုဝင်ဘာ ၂၀
ကတိပြုခြင်းများ
နေဟမိ ၁ဝး၃၀-၃၉ ကိုဖတ်ပါ။ ဣသရေလလူမျိုးကတိပြုသော အရာလေးမျိုးဖြင့် ပဋိညာဉ်အသစ်ပြန်လည်ဖွဲ့ခြင်းကို မည်သို့ပြုခဲ့သနည်း။
————————————————————————————————————————————–
လူတို့သည် အောက်ပါအချက်များကို ကတိပြုချက်ပြုကြသည်။
(၁) ယုံကြည်ခြင်းမတူသူနှင့်လက်မထပ်ပါ။ (ရုပ်တုကိုးကွယ်ခြင်း သို့ရောက်စေသော အိမ်ထောင်ဖက်မျိုးလုံး၀မရှာပါ။
(၂) စစ်မှန်သောဥပုသ်တော်နေ့ကိုစောင့်ထိန်းရန် အလုပ်အကိုင်အတွက် ဥပုသ်နေ့ကိုမချိုးဖောက်ပါ။
(၃) အကြွေးများပလပ်ပေးခြင်းနှင့် ဥပုသ်နှစ်ဆိုင်ရာအပြစ်သတ်မှတ် သောနှစ်၌ ဆင်းရဲသားများကို ကျွန်အဖြစ်မှလည်းကောင်း၊ အကြွေးများပလပ် ပေးခြင်းဖြင့်လည်းကောင်း လွတ်ငြိမ်းခွင့်ပေးပါမည်။
(၄) ငွေကြေးအားဖြင့် ဗိမာန်တော်ကိုထောက်ပံ့ပါမည်။ ဗိမာန်တော် နှင့်ဆိုင်သော ဝတ်ကြီးဝတ်ငယ်အသွယ်သွယ်ကိုပါဝင်ပါမည်။ အဦးသီးသော အသီးကိုယူဆောင်လာပါမည်။ သားဦးကိုလည်းကောင်း၊ ဆယ်ဖို့တစ်ဖို့ကို လည်းကောင်း ဝတ်ပြုခြင်းဆိုင်ရာ စစ်မှန်သောတောင်းဆိုမှုမှန်သမျှကို ပေးလှူ ဆက်ကပ်ပါမည်။
ပထမကတိသစ္စာသုံးခုသည် လူသားအချင်းချင်းနှင့်သက်ဆိုင်သည်။ (လက်ထပ်ထိမ်းမြားခြင်းနှင့်အကြွေးပလပ်ပေးခြင်း) နှင့် ဘုရားသခင်နှင့် ဆက်သွယ်ခြင်း (ဥပုသ်နေ့) ဖြစ်ပြီး၊ နောက်ဆုံးကတိ (နေဟမိ ၁ဝး၃၂- ၃၉) မှာမူ ဗိမာန်တော်နှင့်ဆိုင်သောစည်းမျဉ်းများဖြစ်သည်။ လူတို့၏ ရည်ရွယ်ချက် ပန်းတိုင်သည် ပြုထားသောပဋိညာဉ်အတိုင်း လိုက်နာဆောင်ရွက်ကြောင်း ပြသနိုင်ရန်ဖြစ်သည်။ သို့အတွက်ကြောင့် ဘုရားသခင်နှင့်သော်လည်းကောင်း၊ လူသားများနှင့်သော်လည်းကောင်း လက်တွေ့ဆက်နွှယ်မှုကိုတည်ဆောက်ပြရသည်။ ထားရှိထားသောပဋိညာဉ် ကို အမြဲတမ်းလိုက် လျှောက်နိုင် စွမ်းမရှိသော်လည်း အနာဂတ်ကိုလွှမ်းမိုးနိုင် သောအရာမှာ မှန်ကန်သောအကျင့်နှင့်လက်တွေ့လိုက်လျှောက်ခြင်းဖြစ်ကြောင်း သူတို့နား လည်ထား ကြသည်။ ဣသရေလလူမျိုးတို့သည် အကယ်၍ မှန်ကန် စွာလျှောက်လှမ်းခဲ့လျှင် မှန်သောလမ်းကိုရရှိလိမ့်မည်။ မှန်ကန်သောလမ်းကို ရရှိရန် အပြောသက်သက်မဟုတ်ဘဲ လက်တွေ့ကျသောလုပ်ဆောင်ချက်နှင့် အကျင့်ရှိမှသာ သူတို့လိုချင်သောပန်းတိုင်သို့ရောက်ရှိသွားနိုင်မည်။ ဘုရားရှင် နှင့်နီးကပ်စွာလျှောက်လှမ်းလိုလျှင် ဥပုသ်နေ့ကိုလေးစားရိုသေရမည်။ ဗိမာန် တော်အလုပ်များကိုဂရုစိုက်ရမည်။ ၎င်းတို့သည် အရေးအလွန်ကြီးသောခြေလှမ်း များဖြစ်သည်။
အကြောင်းမကောင်းခဲ့၍ ဣသရေလလူတို့သည် မိမိတို့၏ပဋိညာဉ် ကို ကတိမတည်ခဲ့။ ထိုအကြောင်းကို နေဟမိမှတ်စာ၏နောက်ဆုံးအခန်းကြီး တွင် ရေးသားဖော်ပြထားသည်။ လူတိုင်းကတိမတည်၊ မစောင့်စည်းခြင်းမျိုး တော့မဟုတ်ပါ။ ကတိစောင့်သူအများ၊ သို့မဟုတ် အချို့ရှိပါသေးသည်။ ဘုရားရှင်၏မစကူညီခြင်းဖြင့် ကိုယ်တော်ကိုအာရုံစိုက်လျက်၊ ကျွန်ုပ်တို့သည် ကောင်းသောအကျင့်နှင့် လမ်းအမှန်ကိုလျှောက်လှမ်းခွင့်ရသည်။
“ထိုကြောင့် ဆန္ဒအတိုင်းမှန်ကန်စွာပြုလုပ်လျှင် သင်၏ဘ၀အသက်တာ တစ်ခုလုံးကို ပြောင်းလဲပေးစေနိုင်သည်။ သင်၏အလိုဆန္ဒကို ခရစ်တော်ရှင် ထံအပ်နှံပြီး၊ သင့်ကိုယ်ကိုအထက်မှလာသောတန်ခိုးတော်၏စည်းမျဉ်းစည်းကမ်း အတိုင်း ဆက်ကပ်အပ်နှံလျှင်၊ သင်သည် အထက်မှလာသောခွန်အားကိုရရှိ ပြီး ခိုင်ခံ့မြဲမြံစွာကိုယ်တော်ကိုကိုင်စွဲနိုင်ပြီး၊ မိမိကိုယ်ကိုအပ်နှံလျက် အသစ် သောအသက်တာကိုရရှိခံစားရလိမ့်မည်။ ယုံကြည်ခြင်းပြည့်၀သောအသက်တာ မျိုးကို ပိုင်ဆိုင်ရလိမ့်မည်။” Ellen G White, Steps to Christ, p. 48
ရေးသားထားသမျှအကြောင်းအရာမှ သင်၏တွေ့ကြုံခံစားရမှုကို အထောက်အကူဖြစ်စေပါသလား။
ကြာသပတေး နိုဝင်ဘာ ၂၁
ဗိမာန်တော်
နေဟမိ ၁ဝး၃၂-၃၉ ကို တစ်ဖန်ပြန်ကြည့်ပါ။ ဗိမာန်တော်၌ပြုရ သောဝတ်သည် ဣသရေလများအတွက် အဘယ်ကြောင့်အရေးကြီးသနည်း။
“ငါတို့ဘုရားသခင်၏အိမ်တော်ကို ငါတို့သည် စွန့်ပစ်၍မထားရကြ” (နေဟမိ ၁ဝး၃၉)။ ဗိမာန်တော်သည် ယုံကြည်ခြင်းအလုံးစုံအတွက် အဘယ်ကြောင့် အလွန်အရေးကြီးသနည်း။ (ဟေဗြဲ ၈း၁-၇ ကိုလည်းဖတ်ပါ။)
————————————————————————————————————————————–
ဣသရေလလူမျိုးများတို့သည် ဘုရားသခင်၏အိမ်တော်ကို ဂရုစိုက် ပါမည်ဟု ကတိပြုကြသည်။ ရှင်ဘုရင်၏ဖိနှိပ်ခြင်းကြောင့် လူနည်းစုဖြစ်နေရ သော ငွေကြေးချို့တဲ့သည့်ဣသရေလလူမျိုးများတို့သည် ဗိမာန်တော်အတွက် မိမိတို့၌ရှိသည့်အနည်းငယ်သောပမာဏကိုပေးရန် ဆုံးဖြတ်ကြသည်။ ဗိမာန်တော် ကုန်ကျစရိတ်အတွက်မကာမိသော်လည်း ပေးမည်ဟုသာစိတ်ဆုံးဖြတ်ကြသည်။ သို့ဖြင့်သူတို့သည် နှစ်စဉ်နှစ်တိုင်း ဗိမာန်တော်အတွက်အသုံးပြုရန် လူတိုင်း တစ်နှစ်လျှင် ငွေတစ်ကျပ်၏သုံးစုတစ်စုစီကိုပေးရသည်။ (နေဟမိ ၁ဝး၃၃)။ တောင်းဆိုမှုထက် ဗိမာန်တော်တွင်ပိုမိုကုန်ကျနေကြောင်းကို ပြည်သားတို့ တွေ့မြင်ကြသည်။ ထပ်ဆောင်း၍စာရေးတံချကာ မိသားစုအလိုက်ယဇ်ပူဇော်ရန် ထင်းကိုအထူးအလှူအဖြစ်ယူလာကြရသည်။ ဝိုင်းဝန်းလုပ်ဆောင်ခြင်းမရှိပါက အားနည်းချို့ငဲ့သွားမည်ကို လူတို့သည်လက်ခံကြသည်။
အဦးသီးသောအသီး၊ သားဦး၊ ဆယ်ဖို့တစ်ဖို့နှင့်အလှူငွေများသည် ဗိမာန်တော်၌အလုပ်လုပ်သော ယဇ်ပုရောဟိတ်မင်းနှင့်လေဝိသားများအတွက် အမှုဆောင်ရန်အသုံးပြုခွင့်ပေးထားသည်။ ရရှိသောအလှူငွေအားလုံး၏ဆယ်ပုံ တစ်ပုံသည် လေဝိသားများဆီသို့ပေးရသည်။ သားဦးကိုလည်း ငွေနှင့်ပြန်လည် ရွေးယူရသည်။ ထိုငွေကိုလည်း လေဝိသားများရ၏။ လေဝိသားများရရှိသမျှ အားလုံး၏ဆယ်ပုံတစ်ပုံကို ယဇ်ပုရောဟိတ်များအားပြန်ပေးရသည်။
ဗိမာန်တော်၏ကဏ္ဍသည် ဣသရေလလူမျိုးများအတွက် နှလုံး သွေးကြောပမာဖြစ်သည်။ နေဗုခဒ်နေဇာမင်းကြီးလာရောက်သိမ်းပိုက်ခဲ့၍ ဗိမာန်တော် ကိုဖြိုချပြီး၊ သန့်ရှင်းသောအသုံးအဆောင်မှန်သမျှယူဆောင်သွားခဲ့ ခြင်းအပေါ် သူတို့၏ယုံကြည်ခြင်းဗဟိုအချက်အချာကို လွန်စွာထိခိုက်ခဲ့သည်။ ဗိမာန်တော် ကို ပုံမှန် စီမံလည်ပတ်မှုရှိသောအခါ ပြည်သူပြည်သားများ ဝိညာဉ်ရေးအသက်တာကို တည်ဆောက်ပေးသည်။ အကြောင်းမှာလူတို့သည် အပြစ်ပြဿနာ၏ရလဒ်ကို ညွှန်ပြပေးနေသောကြောင့်ဖြစ်သည်။ အပြစ်ကြောင့် သိုးသငယ်အသေခံရသည်။ ယေရှုရှင်ကပ်တိုင်ပေါ်၌အသေခံသောအခါ၊ အဆုံး သို့ရောက်သွားသည်။ (ရောမ ၅း၅-၁၀)။ ထို့အပြင် နှစ်စဉ်ကျင်းပသော အပြစ်ဖြေရာနေ့၌ ဘုရားသခင်သည် မကောင်းမှုကိုလုံး၀ပျောက်ပျက်အောင် စီစဉ်ကြောင်း၊ အပြစ်ကိုထာ၀ရပယ်ရှင်းမည်ဖြစ်ကြောင်းကို သင်ယူသိရှိရသည်။ တစ်နည်းဆိုရသော်၊ ဗိမာန်တော်ကိုပြုလုပ်သည့်ကျင့်စဉ်မှန်သမျှသည် ကယ်တင် ခြင်း၏စီမံကိန်းကို ဖော်ပြပေးနေခြင်းဖြစ်သည်။ ဗိမာန်တော်အတွင်းလုပ်ဆောင် ချက်ကိုကြည့်ခြင်းဖြင့် ကျွန်ုပ်တို့သင်ခန်းစာယူနိုင်သည့်အချက်မှာ၊ ကြီးမြတ် လှသော ဘုရားရှင် ၏ စာရိတ္တတော်နှင့်ကယ်တင်ခြင်းစီမံကိန်းကို လင်းလက် တောက်ပသွားစေသည်။
“ယေရှုခရစ်သည် အပြစ်ရှိသောသူကိုကယ်တင်ခြင်းငှာ၊ ဤလောက သို့ကြွလာတော်မူသည်ဟူသောစကားသည် သစ္စာစကားဖြစ်၏။ အကြွင်းမဲ့ ခံယူအပ်သောစကားလည်းဖြစ်၏။ အပြစ်ရှိသောသူတို့တွင် ငါသည် အကြီး ဆုံးဖြစ်၏” (၁တိ ၁း၁၅)။ ရှင်ပေါလု၏မျှော်လင့်ခြင်းဖြစ်၍ ကျွန်ုပ်တို့အတွက် လည်း မျှော်လင့်ခြင်းတစ်ခုဖြစ်စေရန် မည်သို့ပြုလုပ်ကြမည်နည်း။
သောကြာ နိုဝင်ဘာ ၂၂
ထပ်ဆင့်လေ့လာရန်
Ellen G White ၏ “Steps to Christ” စာမျက်နှာ ၄၃-၄၈ မှ “Consecration” အကြောင်းအရာကိုရှာဖတ်ပါ။
“လောကတဲတော်တွင် လုပ်ဆောင်မှုအပိုင်းနှစ်ပိုင်းပါဝင်သည်။ သန့်ရှင်း သောအခန်းအတွင်း ယဇ်ပုရောဟိတ်၏နေ့စဉ် ‘ဝတ်’ ပြုလုပ်ခြင်းနှင့် ယဇ်ပုရောဟိတ်မင်းကြီးမှ တစ်နှစ်တစ်ကြိမ်ဆောင်ရွက်ရသော အပြစ်ဖြေရာ ဝတ်၊ ဗိမာန်တော်ကိုသန့်ရှင်းခြင်းပြုလုပ်သောအထူးဝတ်တို့ဖြစ်သည်။ နေ့စဉ် နေ့တိုင်းအပြစ်လုပ်သူများသည် တဲတော်တံခါး၀နားအထိ ပူဇော်ရန်ယဇ်ကောင် ကိုသယ်ဆောင်လာပြီး ယဇ်ကောင်၏ခေါင်းပေါ်၌ လက်ကိုတင်ပြီး၊ အပြစ် ဝန်ချတောင်းပန်ရ၏။ ထိုသို့ပြုခြင်းဖြင့် သူ၏အပြစ်သည် အပြစ်မဲ့သော ယဇ်ကောင်၏ အပေါ်သို့ ပြောင်းရွှေ့သွား သည်။ ယင်းနောက် တိရစ္ဆာန်ငယ် ကိုသတ်ပစ်ရသည်။ “အသွေးသွန်းခြင်းမရှိလျှင်” ဟု တမန်တော်ရှင်ပေါလု ရေးသားထားသည်။ အပြစ်လွှတ်ခြင်းမရှိဟု ဆက်လက်ရေးသား၏။ “အကြောင်း မူကား၊ ကိုယ်ခန္ဓာအသက်သည် အသွေး၌တည်၏” (ဝတ် ၁၇း၁၁)။ ဘုရားသခင်၏ပညတ်တော်ကိုချိုးဖောက်လျှင် ကျူးလွန်သူ၏အသက်ကိုစတေး ခံရမည်ဟုလာသည်။ အသွေးသည် အပြစ်သား၏အသက်ဆုံးရှုံးမှုကိုပုံဆောင် သည်။ အပြစ်သား၏အဖြစ်ကို ခံယူသွားသောသားကောင်၏အသွေးကို ယဇ်ပုရောဟိတ်မင်းမှ သန့်ရှင်းသောအခန်းတွင်း သို့ယူသွားသည်။ ကန့်လန့်ကာ ရှေ့၌ အသွေးကိုပက်ဖျန်းရသည်။ ကန့်လန့်ကာ၏ အတွင်း ဘက်၌ ပညတ်တော် ကိုထည့်ထားသောပဋိညာဉ်သေတ္တာတော်ရှိသည်။ ထိုပညတ်ချက်များကို အပြစ် သားသည်ချိုးဖောက်မိခဲ့သည်။ ထိုသို့ဝိနည်းအထုံးအဖွဲ့အယူအဆဖြင့် အပြစ်သည် အသွေးနှင့်အတူ ဗိမာန်တော်တွင်းသို့ယူဆောင်သွားခံရသည်။ အချို့ကိစ္စများ ၌ အသွေးကိုသန့်ရှင်းသောအခန်းသို့ယူဆောင်သွားခြင်းမပြုဘဲ၊ ရှိသမျှအသား ကို ယဇ်ပုရောဟိတ်မှစားရသည်။ မောရှေမှ အာရုန်၏သားများကိုညွှန်ကြား ရာတွင် “ထာ၀ရဘုရားရှေ့တော်၌ သူတို့အဖို့အပြစ်ဖြေခြင်းကိုပြုစေခြင်းငှာ ထိုယဇ်သားကိုပေးတော်မူသည်” (ဝတ် ၁ဝး၁၇)။ ပူဇော်နည်းနှစ်ရပ်လုံးသည် အပြစ်ကိုပြုသူထံမှ ဗိမာန်တော်အတွင်းသို့ပြောင်းရွှေ့လွှဲပြောင်းသောနည်းများ ပင်ဖြစ်သည်။” Ellen G White, The Great Controversy, p. 418.
-၀-