Zomi Sabbath School Lesson 5: Kiphatsakna Pan Kiniamkhiatna ah

MSL 5: မာနထောင်လွှားခြင်းမှနှိမ့်ချင်းသို့

သင်ခန်းစာ (၅)

မာနထောင်လွှားခြင်းမှနှိမ့်ချခြင်းသို့

ဇန်နဝါရီ ၂၅ – ၃၁

ဥပုသ်နေ့မွန်းလွဲပိုင်း           ဇန်နဝါရီ ၂၅

ဖတ်ရန်ကျမ်းချက်များ။ ဒံ၊ ၄း၁-၃၃။ သုတ္တံ ၁၄း၃၁။ ၄ရာ ၂ဝး၂-၅။ ယောန ၃း၁ဝ။ ဒံ၊ ၄း၃၄-၃၇။ ဖိလိပ္ပိ ၂း၁-၁၁။

အလွတ်ကျမ်းချက်

                ”နိမိတ်လက္ခဏာတော်သည် အလွန်ကြီးပေ၏။ အံ့ဖွယ်သော အမှုတော်လည်း တန်ခိုးနှင့်ပြည့်စုံပေ၏။ ဘုရားသခင်၏နိုင်ငံတော် သည် ထာဝရနိုင်ငံဖြစ်၏။ အာဏာစက်တော်လည်း ကမ္ဘာအဆက်ဆက် တည်တော်မူ၏” (ဒံယေလ ၄း၃)။

                ထောင်လွှားဝါကြွားခြင်းသည် နံပါတ်တစ်အပြစ်ဖြစ်သည်။ လူစီဖာ မှအစပြုခဲ့သည်။ လူစီဖာသည် ကောင်းကင်သားအစုအဝေးမှ ကောင်းကင်တမန် တစ်ပါးဖြစ်သည်။ ”သင်သည် ကိုယ်၌တင့်တယ်ခြင်းအသရေကြောင့် ဝါကြွား သောစိတ်ရှိလျက် ဂုဏ်ထွန်းတောက်သောကြောင့်၊ သင်၏ပညာသည် ဖောက်ပြန်လျက်ရှိလေပြီ။ ငါသည် သင့်ကိုမြေတိုင်အောင်နှိမ့်ချမည်။ ရှင်ဘုရင် တို့သည် သင့်ကိုကြည့်ရှု၍ဝမ်းမြောက်စေခြင်းငှာ သူတို့ရှေ့မှာသင့်ကိုငါချထား မည်” (ယေဇကျေလ ၂၈း၁၇) ဟု ဘုရားရှင်မိန့်တော်မူခဲ့သည်။

                ကြွားဝါထောင်လွှားခြင်းကြောင့် လူစီဖာကျရှုံးခဲ့ရသည်။ ထိုဝါကြွား ထောင်လွှားခြင်းကိုပင် စိတ်မကုန်နိုင်ဘဲ၊ လူသားတို့၏အထဲသို့သွတ်သွင်း လျက်ရှိသည်။ အကြွားအားဖြင့် ဘုရားသခင်ကိုဆန့်ကျင်ကြသည်။ ထိုကြောင့် ထိုအကြွားကြောင့်ပင် ပျက်စီးခြင်းလမ်းသို့ ဦးစိုက်ကျရသည်။ ကျွန်ုပ်တို့ လူသားအားလုံးသည် အပြစ်တွင်းကျနေသောသူများပင်ဖြစ်သည်။ အသက် ရှင်ရပ်တည်နိုင်ရန် ထာဝရဘုရားကိုသာမှီခိုအားကိုးနေရသည်။ ဘုရားရှင်ပေး ထားသောစွမ်းရည်လက်ဆောင်များဖြင့် ဘုရားရှင်ကူညီ၍ ကျွန်ုပ်တို့လုပ်ဆောင် နိုင်ရသောကိစ္စအပေါ် ဘုရားရှင်ကိုကျေးဇူးတင်ပါ။ မကြွားဝါပါနှင့်။ လက်လေးတကားကား၊ လက်မောင်းလေးတပင့်ပင့်နှင့် ခြေဖျားလေး ထောက် နေစရာမလိုပါ။ ပြုလုပ်လေသမျှအရာအားလုံးကိစ္စများတွင် အစစ်အမှန်၊ မာန်မပါဘဲ ရိုကျိုးစွာလုပ်ဆောင်ကြရန်မဟုတ်ပါလားမိတ်ဆွေ။

                နေဗုခဒ်နေဇာမင်းကြီးသည် နှိမ့်ချခြင်းသဘော၏အရေးကြီးပုံကို နားလည်သဘောပေါက်လာရန် အချိန်များစွာကြာခဲ့သည်။ မီးဖိုထဲမှစတုတ္ထ လူကိုမြင်ခဲ့ရသည့်တိုင် မိမိအသက်တာပုံစံအချိုးကို မပြောင်းနိုင်သေးပါ။ သူ၏နိုင်ငံတော်ကို သူ၏လက်မှဘုရားရှင်နုတ်ယူပြီး နွားဘဝရောက်စေကာ၊ တိရစ္ဆာန်တို့နှင့်အတူ လေးဖက်ထောက်ပြီးမြက်စားခဲ့ရသည့်ဘဝရောက်မှသာ ”ဘုရားရှင်သည် ကြီးမြတ်တော်မူပါသည်” ဟုအမြင်မှန်ပြန်ရလာသည်။

တနင်္ဂနွေ               ဇန်နဝါရီ ၂၆

ဤသည်ကားမဟာဗာဗုလုန်မြို့ကြီးမဟုတ်လော

                ဒံ၊ ၄း၁-၃၃ ကိုဖတ်ပါ။ မင်းကြီးသည် မည်သို့ဖြစ်သွားသနည်း။ အဘယ်ကြောင့်နည်း။

——————————————————————————————————————————————

                ထာဝရဘုရားရှင်သည် နေဗုခဒ်နေဇာမင်းကို ဒုတိယအကြိမ်အိပ်မက် ပေးပြန်သည်။ ဤတစ်ကြိမ်တွင် ရှင်ဘုရင်သည် အိပ်မက်ကိုမေ့လျော့သွား ခြင်းမရှိချေ။ သို့သော် ဗာဗုလုန်ပညာရှင်ကျွမ်းကျင်သူများ အိပ်မက်၏   အဓိပ္ပါယ်ကိုမပြောနိုင်ကြပြန်ပါ။ ရှင်ဘုရင်သည် ဒံယေလကိုဆင့်ခေါ်၍ အိပ်မက်၏အနက်အဓိပ္ပါယ်ကို ဖော်ပြစေသည်။ အိပ်မက်တွင် ဘုရင်ကြီးသည် မိုးကောင်းကင်သို့တိုင်ရောက်လျက် ကြီးမားလွန်းသောသစ်ပင်ကြီးတစ်ပင်ကို မြင်မက်တော်မူခဲ့သည်။ ထိုသစ်ပင်ကြီးကိုကြည့်ရှုစဉ်မှာပင် အမိန့်သံတစ်ခု ပေါ်ထွက်လာပြီး၊ ၎င်းသစ်ပင်ကိုခုတ်လဲလော့။ အငုတ်သာထားခဲ့ပြီး ပေါင်းပင်၊ မြက်ပင်အကြား မိုးစိုစို၊ နှင်းစိုစိုရှိပါစေလော့။ နေဗုခဒ်နေဇာမင်း၏စိတ်ကို ဒုက္ခရောက်စေသော အိပ်မက်၏အပိုင်းမှာ ကောင်းကင်မှရောက်လာသော စကားသံမှာ ”ခုနှစ်နှစ်ပတ်လုံး မိုးစွတ်ခြင်းကိုခံ၍. . . လူစိတ်သဘောပျောက် ၍ တိရစ္ဆာန်စိတ်သဘောနှင့်ပြည့်စုံစေလော့” (ဒံ၊ ၄း၁၆)။ အိပ်မက်၏ဆိုးကျိုး ကိုသိသောဒံယေလသည် ယဉ်ကျေးစွာဖြင့်ပင် နေဗုခဒ်နေဇာမင်းအား ထိုအိပ်မက်၏သက်ရောက်မှုကို ကိုယ်တော်၏ရန်သူများအပေါ်သို့သာကျရောက် ပါစေဟု အကျိုးဆက်ကို တခြားသူတစ်ယောက်အပေါ်လွဲသွားစေရန် ဆန္ဒ ပြုခဲ့သည်။ မည်သို့ဆိုစေ၊ သစ္စာရှိဒံယေလသည် အိပ်မက်ကို အိပ်မက်၏ အနက်အဓိပ္ပါယ်အမှန်အတိုင်း ရှင်ဘုရင်ကိုသာသက်ရောက်မည်အကြောင်း လျှောက်တင်ခဲ့သည်။

                သမ္မာကျမ်းစာ၌ ရှင်ဘုရင်များကို ယေဘုယျအားဖြင့် သစ်ပင်နှင့် ပုံဆောင်လေ့ရှိတတ်သည်။ ထို့အပြင် တိုင်းပြည်များ၊ အင်ပါယာများနှင့်လည်း ပုံဆောင်၏။ (ယေဇကျေလ ၁ရး၃၁။ ဟောရှေ ၁၄။ ဇာခရိ ၁၁း၁၊၂။ လုကာ ၂၃း၃၁။) သို့ဖြင့် ကြီးမားလွန်းသောသစ်ပင်ကြီးသည် စိတ်ကြီးဝင် သောရှင်ဘုရင်မင်းကြီးကိုသာ ရည်ညွှန်ထားသည်။ ထာဝရဘုရားရှင်သည် နေဗုခဒ်နေဇာမင်းကြီးကို အာဏာတန်ခိုးအုပ်စိုးခွင့်ပေးထားသည်။ သို့သော် ငြားလည်း နေဗုခဒ်နေဇာမင်းသည် ၎င်းအာဏာကိုဘုရားပေးထားကြောင်းကို အသိအမှတ်ပြုရန်ပျက်ကွက်နေ၏။

                ဒံ၊ ၄း၃ဝ ကိုဂရုစိုက်ဖတ်ပါ။ ဘုရားသခင်၏သတိပေးခြင်းကို အရေးမစိုက်၊ နားလည်သဘောပေါက်ခြင်းမရှိကြောင်းပေါ်လွင်သည့် ရှင်ဘုရင် ၏စကားသည် မည်သို့နည်း။

——————————————————————————————————————————————

                ထောင်လွှားဝါကြွားခြင်းသည် ထာဝရဘုရားကိုကျွန်ုပ်တို့မှီခိုခြင်း သဘောကိုမေ့လျော့သွားစေ၍ အလွန်အန္တရာယ်ကြီးစေပါသည်။ နောက်တစ်ချက် ကျွန်ုပ်တို့မေ့လျော့နေသည်မှာ ကျွန်ုပ်တို့ဝါကြွားတတ်ခြင်းသည် ဝိညာဉ်ရေးရာ မြေပြင်၌ အလွန်အန္တရာယ်ကြီးမားနေခြင်းဖြစ်သည်။

                သင်၏ဘဝအသက်တာ၌ မည်သည့်အရာများကိုနှစ်သက်သဘောကျ သနည်း။ ဝါကြွားစရာအကြောင်းမရှိဘဲလျက် ဝါကြွားနေပါသလား။ ထိုသို့ ဖြစ်နေလျှင် မည်သို့ဖြစ်သွားမည်နည်း။

——————————————————————————————————————————————

တနင်္လာ                                ဇန်နဝါရီ ၂၇

ပုရောဖက်အားဖြင့်သတိပေးခဲ့သည်

                ဒံ၊ ၄း၂ရ ကိုဖတ်ပါ။ ဒံယေလသည် ရှင်ဘုရင်ကိုသတိပေးသည့် အပြင် မည်သို့ပြုမူလုပ်ဆောင်ရန်ပြောခဲ့သနည်း။ အဘယ်ကြောင့်နည်း။    (သုတ္တံ ၁၄း၃၁ ကိုလည်းဖတ်ကြည့်ပါ။)

——————————————————————————————————————————————

                ဒံယေလသည် အိပ်မက်၏အနက်အဓိပ္ပါယ်ကိုဖော်ပေးရုံသက်သက်သာ မကဘဲ၊ နေဗုခဒ်နေဇာမင်းကြီးကိုလည်း အခြေအနေတည်ရှိပုံနှင့် မည်သို့ လုပ်ဆောင်ရန်နည်းလမ်းကိုညွှန်ပြပေးခဲ့သည်။ ”သို့ဖြစ်၍ အရှင်မင်းကြီး၊ အကျွန်ုပ်စကားကိုနာယူတော်မူပါ။ တရားသောအမှုကိုပြုခြင်း၊ ဆင်းရဲသော သူတို့ကိုသနားခြင်းအားဖြင့် ဒုစရိုက်အပြစ်တို့ကိုပယ်ဖျက်တော်မူပါ။ ထိုသို့ ပြုလျှင် ချမ်းသာရကောင်းရတော်မူလိမ့်မည်ဟု ဒံယေလလျှောက်ထား၏” (ဒံ၊ ၄း၂၇)။

                နေဗုခဒ်နေဇာမင်းသည် ဗာဗုလုန်မြို့ကြီးကို ကြီးကျယ်ခမ်းနားစွာ တည်ဆောက်ခဲ့သည်။ မိုးပျံဥယျာဉ်အပါအဝင် ဥယျာဉ်များ၊ ရေစီးရေလာ ရေသွယ်စနစ်များ၊ ရာနှင့်ချီသောနတ်ဗိမာန်များနှင့် အခြားအခြားသော  မြောက်မြားစွာတည်ဆောက်မှုစီမံကိန်းတို့သည် ရှေးခေတ်ကမ္ဘာ့အံ့ဖွယ်အဖြစ် သတ်မှတ်ခြင်းခံခဲ့ကြရသည်။ သို့သော် ထိုတည်ဆောက်ခြင်းအားလုံးကို ကျွန်တို့၏လုပ်အား လူသားကိုအသုံးပြုပြီးတည်ဆောက်သောကြောင့် ဆင်းရဲသူ ဆင်းရဲသားတို့၏သွေး၊ ချွေး၊ မျက်ရည်များစွာကျခဲ့ရသည်။ ဆင်းရဲသူဆင်းရဲ သားများကို မညှာမတာအဓမ္မအကြမ်းဖက်ခိုင်းစေတည်ဆောက်ခဲ့သောအရာ များဖြစ်သည်။ ထို့အပြင် အင်ပါယာကြီး၏ချမ်းသာကြွယ်ဝခြင်းသည် ရှင်ဘုရင် ၏အဆောင်အယောင်အတွက် စံစားရမှုအတွက်သာလျှင်ဖြစ်၏။ ထိုကြောင့် နေဗုခဒ်နေဇာ၏ကြွားဝါထောင်လွှားခြင်း (အကြွား) သည် ဘုရားရှင်၏ရှေ့ တော်မှောက်၌ အကျည်းတန်စေသည်သာမက အကူအညီလိုအပ်နေသူဆင်းရဲ သားများအတွက် ခါးသီးသောဆိုးကျိုးကိုလည်း ဖြစ်စေပါသည်။ ဆင်းရဲသူ ဆင်းရဲသားများကို ယုယပြုစုရန် ဘုရားရှင်အထူးသတိပေးခြင်းသည် ဒံယေလ ထောက်ပြသော တစ်ခုတည်းသောရှင်ဘုရင်အနေဖြင့်လုပ်ဆောင်ရန်ဖြစ်သည် ကို ကျွန်ုပ်တို့အနေဖြင့် အံ့ဩဖွယ်ရာမရှိပါ။ ရှင်ဘုရင်သည် ဆင်းရဲသား များကိုလျစ်လျူရှုနေခြင်းရှိကြောင်း ပေါ်လွင်ထင်ရှားနေသည်။

                နေဗုခဒ်နေဇာမင်းအားသတိပေးခြင်းသည် မည်သည့်ထူးခြားချက်မျိုး မှဖြစ်မလာပါ။ ဓမ္မဟောင်းကျမ်းခေတ်၌ ဆင်းရဲသားများအား ဖိနှိပ်ခြင်းမပြု ကြရန် ဘုရားရှင်သည် မိမိ၏လူမျိုးက ပုရောဖက်အားဖြင့် မကြာခဏသတိ ပေးလေ့ရှိသည်။ ရှင်ဘုရင်ဖမ်းဆီးခေါ်ဆောင်သွားခံရခြင်း၏အပြစ်တကာ့အပြစ် တွင် ဆင်းရဲသူဆင်းရဲသား၊ မရှိသူ၊ လိုအပ်နေသူများကို လျစ်လျူရှုခြင်းအပြစ် ကြောင့်ဖြစ်သည်။ ခရစ်ယာန်တို့၏အမြင့်ဆုံးချစ်ခြင်းမေတ္တာပြသခြင်းတွင် ဆင်းရဲသားများကိုသနားကြင်နာခြင်းအမှုပင်ဖြစ်သည်။ ဆင်းရဲသားကိုလျစ်လျူရှု ခြင်းအမှုသည် ထာဝရဘုရားကိုတိုက်ရိုက်ဆန့်ကျင်တိုက်ခိုက်ခြင်းဖြစ်သည်။ အကူအညီလိုနေသူများကို မစကူညီခြင်းတွင် ထာဝရဘုရားမှအရာအားလုံး ကိုပိုင်သအုပ်စိုးကြောင်း ပြသခြင်းဖြစ်သည်။ အဓိပ္ပါယ်မှာ ကျွန်ုပ်တို့သည် ပိုင်ရှင်မဟုတ်၊ ဘုရားသခင်၏ဥစ္စာကို ကြည့်ရှုထိန်းသိမ်းပေးရသူသာဖြစ် ကြောင်း သက်သေပြနေသည်။

                ကျွန်ုပ်တို့၌ရှိသောပစ္စည်းများဖြင့် လိုနေသူများကိုကူညီပေးရခြင်းသည် ထာဝရဘုရားကိုဂုဏ်ပြုခြင်းနှင့် ဘုရားရှင်အစိုရတော်မူခြင်းကို ဖော်ကြူးထား သည်။ ပစ္စည်းဥစ္စာနှင့်ပတ်သက်လာလျှင် ထာဝရဘုရားရှင်ပိုင်သတော်မူကြောင်း ကို အထူးသတိပြုရန်လိုသည်။ နေဗုခဒ်နေဇာမင်းကြီးသည် ထိုအချက်၌ ကျရှုံးခဲ့သည်။ ကျွန်ုပ်တို့လည်းကျရှုံးတတ်ကြသည်။ လိုအပ်နေသူများကို ကူညီခြင်းမရှိသရွေ့ ဘုရားသခင်အလုံးစုံကိုအုပ်စိုးကြောင်း ကျွန်ုပ်တို့ခံယူနိုင် မည်မဟုတ်ပါ။

အင်္ဂါ      ဇန်နဝါရီ ၂၈

အမြင့်ဆုံးသူသည်အုပ်စိုးသည်

                နောင်တရရန်နှင့်ဘုရားသခင်၏ခွင့်လွှတ်ခြင်းကိုရှာရန် သတိပေးခံရ သော်လည်း၊ နေဗုခဒ်နေဇာသည် ကြွားဝါချင်သောအကြွားလေးကြောင့် အပြစ် ပေးခံရရန် ကောင်းကင်ဘုံမှချမှတ်လိုက်သည်။ (ဒံ၊ ၄း၂၈-၃၃)။ မင်းကြီး သည် နန်းတော်အပေါ်စင်္ကြံ၌လျှောက်လှမ်းသွားနေရင်း အကြွားလေးဖြင့် မိမိကိုယ်ကိုချီးမွမ်းကြွားဝါလိုက်သည်။ မည်သည့်အရာကိုလုပ်ဆောင်ခဲ့ကြောင်း၊ မည်မျှကောင်းကြောင်း စသည်ဖြင့်ကြွားဝါနေ၏။ ကြွားရင်းကြွားရင်းဖြင့် ဦးနှောက်သွေးကြောအတွင်းသို့ မူမမှန်သောဘဝင်ရူးရောဂါဝင်လာတော့သည်။ ဘဝင်ရူးရောဂါသည် လူနာ၏အမူအရာသည် တဖြည်းဖြည်းတိရစ္ဆာန်အမူအရာ သို့ပြောင်းသွားသည်။ ထိုရောဂါကို ယခုခေတ်ဆေးပညာဝေါဟာရက ”စပယ်စီဒိုင်စဖိုရီယာ” ( species dysphoria)  ရောဂါ ဟုခေါ်ဝေါ်သမုတ်၏။ ထိုရောဂါ၏လက္ခဏာမှာ ခန္ဓာကိုယ်ပုံသဏ္ဌာန်ကမောက်ကမဖြစ်သွားပြီး၊ စိတ်သဘောမှာ တိရစ္ဆာန်တစ်ကောင်၏ဆန္ဒမျိုးသို့ ပြောင်းသွားသောရောဂါ ဖြစ်သည်။

                ၄ရာ ၂ဝး၂-၅။ ယောန ၃း၁ဝ နှင့် ယေရမိ ၁၈း၇၊၈ ကိုဖတ်ပါ။ အထက်ပါကျမ်းချက်များအရ၊ ရှင်ဘုရင်အနေဖြင့် အပြစ်ပေးခံရမည့်ကိစ္စကို မည်သို့လွဲရှောင်နိုင်ပါသနည်း။

——————————————————————————————————————————————

                အကြောင်းမကောင်းခဲ့၍ နေဗုခဒ်နေဇာမင်းသည် ဆူးခင်းသော ကြမ်းတမ်းသည့်ခရီးကိုလျှောက်ခဲ့ရသည်။ တော်ဝင်နန်းတော်တန်ခိုးနှင့်စံမြန်း နေရချိန်၌ နေဗုခဒ်နေဇာမင်းသည် ဘုရားရှင်နှင့်အကျွမ်းဝင်ပြီး၊ ဘုန်းတော် ကိုပြသထင်ရှားနိုင်သောအရည်အချင်းမရှိခဲ့ပါ။ မင်းဘုရင်၏စည်းစိမ်တန်ခိုး အားလုံးကိုခွာချပြီး လေးဘက်ထောက်ကာ၊ တိရစ္ဆာန်များနှင့်အတူမြက်စားရ သောဘဝရောက်ခါမှ ထာဝရဘုရားသည် ရှင်ဘုရင်ကိုအသိဉာဏ်ဖွင့်ပေးကာ အခွင့်အရေးလေးတစ်ခုပေးပြီး ဘုရားသခင်သည် မှီခိုအားကိုးဖွယ်ရာဖြစ်ပါ လားဟူသောသတိပြန်ဝင်လာခဲ့သည်။ မာနကြီးစိတ်ကြီးဝင်၊ အထက်စီး သဘောဖြင့်ပြည့်နေသော ရှင်ဘုရင်နေဗုခဒ်နေဇာမင်းကြီးဖိုးကြွားကြီးကို ဘုရားသခင်သင်ခန်းစာပေးလိုသည်မှာ ”အမြင့်ဆုံးသောဘုရားသည် လောကီ နိုင်ငံကိုအုပ်စိုးတော်မူသည်” ဟူ၍ဖြစ်သည်။ (ဒံ၊ ၄း၁၇)။ အမှန်မှာ ရှင်ဘုရင် ကိုပေးသောအပြစ်ဒဏ်ထက် ဘုရားသခင်၌သာ၍ကြီးမားသောရည်ရွယ်ချက် ရှိပါသည်။ ကောင်းကင်မှပြတ်သားရှင်းလင်းလှသည့်အမိန့်တော်ကြွေးကြော် ချက်ကား၊ ”အကြောင်းမူကား၊ အမြင့်ဆုံးသောဘုရားသည် လောကီနိုင်ငံကို အုပ်စိုးတော်မူသည်ကိုလည်းကောင်း၊ ပေးလိုသောသူတို့အားပေးတော်မူသည် ကိုလည်းကောင်း၊ ယုတ်မာသောသူတို့ကိုချီးမြှောက်၍ နိုင်ငံကိုအပ်ပေးတော် မူသည်ကိုလည်းကောင်း သတ္တဝါတို့သိနားလည်ရသောအခွင့်ရှိစေခြင်းငှာ”       ဟူ၍ (ဒံ၊ ၄း၁၇) ပင်ဖြစ်သည်။

                တစ်နည်းဆိုရသော်၊ နေဗုခဒ်နေဇာအပေါ်သက်ရောက်ခဲ့သော သတ်မှတ်ချက်သည် ကျွန်ုပ်တို့အားလုံးအတွက် သင်ခန်းစာယူရန်လည်းဖြစ် ၏။ အကြောင်းမှာ ကျွန်ုပ်တို့အားလုံးသည် သတ္တဝါအပေါင်းတွင်အကျုံးဝင် နေသော ”သတ္တဝါများ” ဖြစ်နေ၏။ ကျွန်ုပ်တို့ပို၍သတိချပ်စရာအကြောင်း၊ သင်ခန်းစာယူစရာအကြောင်း၊ သိသင့်သိထိုက်သည့်အကြောင်းအရာမှာ ”အမြင့် ဆုံးသောသူသည် လူတို့၏တိုင်းနိုင်ငံအပေါင်းတို့ကိုအုပ်စိုးခြင်း” ပင်ဖြစ်သည်။

                အမြင့်ဆုံးသောသူသည် အုပ်စိုးခြင်းပြုတော်မူကြောင်းကို ကျွန်ုပ်တို့ သင်ခန်းစာရယူနိုင်ရန် အဘယ်ကြောင့်အထူးအရေးကြီးပါသနည်း။ ထိုသို့သော အသိဉာဏ်မျိုးကိုစိတ်ခွဲပြီး ကျွန်ုပ်တို့၏ဩဇာလွှမ်းမိုးခြင်းခံရသူများအား မည်သို့ ဆက်ဆံပြုမူသင့်သနည်း။

ဗုဒ္ဓဟူး                   ဇန်နဝါရီ ၂၉

ကောင်းကင်သို့မျှော်ကြည့်လော့

                ဒံ၊ ၄း၃၄-၃ရ ကိုဖတ်ပါ။ မည်ကဲ့သို့နှင့်အဘယ်ကြောင့်ဘုရင်မင်း ကြီး၏ဘဝပြောင်းလဲခွင့်ရရှိသွားသနည်း။

——————————————————————————————————————————————

                ထာဝရဘုရားသည် နေဗုခဒ်နေဇာမင်းအား ထူးဆန်းသောရောဂါမျိုး ဖြင့် ဆုံးမတော်မူခဲ့သည်။ တစ်ချိန်တည်းမှာ နဂိုမူရင်းအသိဉာဏ်မျိုးကို ပြန်လည်ပေးရန်အသင့်ရှိနေ၏။ စိတ်ဝင်စားစရာအလွန်ကောင်းသည်မှာ ခုနစ် နှစ်ပြည့်သည့်အချိန်နေ့ရက်နာရီမှာပင် ပုရောဖက်၏ကြိုတင်ဟောကြားသည့် အတိုင်း ရောဂါခံနေရသောရှင်ဘုရင်သည် မိမိ၏ဝါကြွားခြင်းစိတ်အားလုံးကို ခဝါချကာ၊ ကောင်းကင်သို့မျှော်ကြည့်လိုက်သည်။ (ဒံ၊ ၄း၃၄)။

                ”နေဗုခဒ်နေဇာမင်းသည် ခုနစ်နှစ်တိုင်တိုင် မိမိဖြစ်နေရသောအခြေ အနေကို အံ့ဩမိန်းမော ခဲ့သည်။ ခုနစ်နှစ်တိုင်တိုင် ကမ္ဘာတစ်လွှားသတ္တဝါ များရှေ့၌ နှိမ့်ချခြင်းကိုခံခဲ့ရသည်။ ယင်းနောက်တွင် နှိမ့်ချခြင်းသဘောနှင့် ကောင်းကင်သို့မျှော်ကြည့်ပြီး၊ ဘုရားသခင်၏လက်တော်သည် မိမိအားထိန်းသိမ်း ကိုင်တွယ်ထားကြောင်းကို ဝန်ခံရတော့သည်။ ထိုအချိန်မှာပင် ချက်ချင်းမူလ ဉာဏ်ပညာအသိစိတ်ပြန်လည်ရရှိသွားသည်။ လူထုပရိသတ်များတို့၏ရှေ့မှာ ပင် သူပြုခဲ့သော အပြစ်ကြောင့် ခံရသောအပြစ်ဒဏ်မှ ဘုရားရှင်ကရုဏာတော် အားဖြင့် ပျောက်ကင်း သွားစေပြီး၊ နဂိုမူလအခြေအနေပြန်ရနိုင်ကြောင်းကို ကြွေးကြော်ဝန်ခံခဲ့သည်။” Ellen G. White, Prophets and Kings, p. 520.

                      ကောင်းကင်သို့ကျွန်ုပ်တို့မျှော်ကြည့်ချိန်၌ ကြီးမားသောပြောင်းလဲမှု များဖြစ်လာမည်ကို စောဒကမေးခွန်းထုတ်ရန်မလိုပါ။ ရှင်ဘုရင်သည် အသိ စိတ်ပြန်၍ဝင်သည်နှင့် မိမိရရှိသောသင်ခန်းစာကို ဝန်ခံဖွင့်ဟခဲ့သည်။ ရှင်ဘုရင်သည် ဣသရေလတို့ကိုးကွယ်သောဘုရားကို မိမိ၏အသက်တာ၌ မိမိ၏ဘုရားအဖြစ်လက်ခံရန် အခွင့်အရေးသုံးခါလက်လွှတ်ဆုံးရှုံးခဲ့သည်။ ယုဒပြည်မှဖမ်းဆီးလာခဲ့သော လူငယ်လေးဦး၏ဉာဏ်ရည်များကို မြင်တွေ့ ခဲ့ရသောအချိန်တစ်ကြိမ် (ဒံ၊ ၁)၊ ဒံယေလမှသူ၏အိပ်မက်နှင့်အနက်ကို ဖော်ပြသောအချိန်တစ်ကြိမ် (ဒံ၊ ၂)၊ ဟေဗြဲလူသုံးဦးမီးဖိုတွင်းမှကယ်နုတ် ခြင်းခံခဲ့ရသောအချိန်တစ်ကြိမ် (ဒံ၊ ၃) သုံးကြိမ်သုံးခါတိုင်တိုင်ဖြစ်သည်။ မြင်တွေ့ကြုံဆုံခဲ့ရသမျှကိစ္စများအတွက် နောင်တမရ၊ နှိမ့်ချမှုမရှိသောအခါ မည်သို့ဖြစ်လာလိမ့်မည်နည်း။ ခေါင်းမာသောရှင်ဘုရင်ကို ထာဝရဘုရားရှင် သည် စတုတ္ထအခွင့်အရေးကြီးနောက်ထပ်တစ်ကြိမ်ပေးပြန်သည်။ နောက်ဆုံး ၌ ရှင်ဘုရင်၏စိတ်သဘောကို ဘုရားရှင်အောင်မြင်သွားသည်။ နဂိုနေရာ နန်းတော်ဆီသို့ ပြန်၍ပို့ဆောင်တော်မူသည်။ နေဗုခဒ်နေဇာမင်း၏အတ္ထုပ္ပတိ္တ အကြောင်းနည်းတူ၊ ကျွန်ုပ်တို့ကိုလည်း ဘုရားရှင်မှကြိမ်ဖန်များစွာအခွင့်ပေး ၍ ကိုယ်တော်နှင့်စစ်မှန်သောကျွမ်းဝင်ခြင်းရှိစေရန် ဆွဲယူတော်မူခဲ့သည်။ လွန်ခဲ့သောနှစ်ရာပေါင်းများစွာမှ ရှင်ပေါလုရေးသားထားချက်ကား၊ ”လူအပေါင်း တို့သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားကိုသိစေခြင်းငှာ၊ ဘုရားသခင် အလိုတော်ရှိ၏” (၁တိ ၂း၄)။ ကျွန်ုပ်တို့သိခဲ့ရသောအတ္ထုပ္ပတိ္တအကြောင်း အရာမှာ အမှန်တရားကိုလက်ခံရန် စွမ်းအင်အပြည့်အဝပေးနိုင်သောပုံပမာ သင်ခန်းစာဖြစ်သည်။

                ဘုရားရှင်ကြောင့် သင်၏အသက်တာ၌ နှိမ့်ချခြင်းရရှိသွားသော အကြောင်း မည်သည့်နည်းလမ်းဖြင့်ရရှိပါသနည်း။ သင်ယူသွားသော သင်ခန်းစာမှ သင်ပြောင်းလဲအသက်ရှင်ရန် မည်သည့်အရာကိုရှောင်ကြဉ်ရန် လိုပါသနည်း။

ကြာသပတေး                     ဇန်နဝါရီ ၃ဝ

နှိမ့်ချခြင်းနှင့်ကျေးဇူးတင်ခြင်းသဘော

                နောင်တရသွားသောရှင်ဘုရင်၏ကြွေးကြော်သံကား၊ ”မြေကြီးသား အပေါင်းတို့သည် ရှေ့တော်၌အဘယ်မျှမဟုတ်သကဲ့သို့ဖြစ်၏” (ဒံ၊ ၄း၃၅)။ ရှင်ဘုရင်၏ဆိုလိုသည့်အဓိပ္ပါယ်မှာ အလွန်အရေးကြီးသောအချက်ကို သင်မည်သို့မှတ်ချက်ပြုမည်နည်း။

——————————————————————————————————————————————

                နေဗုခဒ်နေဇာမင်းကြီးမှ စစ်မှန်သောဘုရားကို အမှန်တကယ်လက်ခံ လာကြောင်း ကျွန်ုပ်တို့မည်သို့သိနိုင်သနည်း။ ဒံယေလကျမ်းအခန်းကြီး (၄) ကို နေဗုခဒ်နေဇာ မင်းကြီးကိုယ်တိုင်ရေးသားပြီး၊ ဒံယေလမှ မိမိ၏အရေး အသားကျမ်းထဲပါဝင်ထည့်သွင်းသည့်အချက်အလက်များရှိကြောင်း ကျွန်ုပ်တို့ ရှာဖွေတွေ့ ရှိထားသည်။ အမှန်မှာ အခန်းကြီး (၄) ၏မူရင်းရေးသားချက် အားလုံးနီးပါးသည် ရှင်ဘုရင်မှ မိမိ၏တိုင်းနိုင်ငံတစ်ခုလုံးသို့ ရေးသားပေးပို့ သောစာများဖြစ်နေသည်။ ထိုစာထဲ၌ ရှင်ဘုရင်သည် သူ၏ဝါကြွားခဲ့ခြင်း၊ ရူးသွပ်ခဲ့ခြင်းနှင့် နှိမ့်ချစိတ်ဖြင့်ထာဝရဘုရား၏ကြားဝင်ဆောင်ကျဉ်းတော်မူ ခြင်းကို လက်ခံသောသူ၏ ဘဝအသက်တာ အကြောင်း ရေးသားထားသည်။ ရှေးခေတ်ရှင်ဘုရင်တို့သည် မိမိတို့၏ရှက်ဖွယ်ကောင်းသော မိမိတို့၏ကိုယ်ဖြစ် အကြောင်းအရာများကို ရေးသားခဲလှသည်။ အထူးသဖြင့် ရှေးခေတ် ရှင်ဘုရင် တို့သည် အမွှမ်းတင်ခြင်းခံသောအရေးအသားများကိုသာ မှတ်တမ်းမှတ်ရာ ထားတတ်ကြောင်း ကျွန်ုပ်တို့မြင်ရလေ့ရှိသည်။ ယခုတွင်ဖော်ပြသော ရှင်ဘုရင် ၏ဝါကြွားခြင်းနှင့် တိရစ္ဆာန်ဖြစ်သွားရခြင်းရာဇဝင်အကြောင်း ဘုရင်ကြီးကိုယ် ၌က ရေးသားမှတ်တမ်းပြုခြင်းသည် အမှန်တကယ်ပြောင်းလဲသွားကြောင်းကို ပြသခြင်းဖြစ်သည်။ ထိုထက်မက မိမိ၏အတွေ့အကြုံခံစားရခြင်းများနှင့် နှိမ့်ချလျက်ထာဝရဘုရားကိုပြန်၍အသိအမှတ်ပြုခြင်းသည် ရှင်ဘုရင်ကိုယ်တိုင် သာသနာပြု နေသည်နှင့်တူနေသည်။ မိမိကြုံတွေ့ခဲ့ရသောသင်ခန်းစာမှ စစ်မှန် သောထာဝရဘုရားအကြောင်းကို ရေငုံနှုတ်ပိတ်မနေနိုင်တော့ပါ။ ကျွန်ုပ်တို့ သိမြင်ရသမျှအတိုင်း ရှင်ဘုရင်၏ဆုတောင်းချီးမွမ်းခြင်း (ဒံ၊ ၃၄-၃၇) သည် သူ၏မြည်းစမ်းခဲ့ရသောအတွေ့အကြုံအစစ်အမှန်ကို ဖော်ပြနေသည်။

                ရှင်ဘုရင်သည် ရှင်းလင်းပြတ်သားသောဉာဏ်သဘောကိုရရှိပြီဖြစ်၍၊ လူသားများ၌ရှိသောအာဏာတန်ခိုးသည် အကန့်အသတ်နှင့်သာရှိကြောင်း ကောင်းကောင်းသဘောပေါက်သွားသည်။ ရှင်ဘုရင်၏ကျေးဇူးတင်ဆုတောင်း ခြင်းစကား၌ ရှင်ဘုရင်သည် ဒံယေလ၏ထာဝရဘုရားကိုချီးမြှောက်ကာ မိန့်ဆိုသောစကားမှာ ”မြေကြီးသားအပေါင်းတို့သည် ရှေ့တော်၌အဘယ်မျှ မဟုတ်” (ဒံ၊ ၄း၃၅) ဟုဆုတောင်းချီးမွမ်းကျေးဇူးတင်ခဲ့သည်။ ဆိုလိုသည် မှာ လူတို့သည် တံတောင်လေးပင့်ကာပင့်ကာဖြင့် ငါကွ၊ သဘောဖြင့် ကြွားစရာအကြောင်းအလျှင်းမရှိပါ။ နောက်ဆုံး၌ ဝါကြွားခဲ့သောနေဗုခဒ်နေဇာ မင်းသည် ဒံယေလအနာဂတ္တိကျမ်း ၌ရေးသားထားသည့်အတိုင်း အပိုးကျိုး သွားကာ နှိမ့်ချခြင်းသဘော၊ ကျေးဇူးတင်တတ်ခြင်းသဘောတို့နှင့်ပြည့်လျှံလျက် ထာဝရဘုရား ကိုသီဆိုချီးမွမ်းကာ ကျွန်ုပ်တို့ အားလုံး အတွက် ဝါကြွားခြင်းကို ရှောင်ရန် သတိပေးသွားပါသည်။

                အမှန်ပင်ယနေ့အချိန်၌ ထာဝရဘုရားသည် လူသားများ၏အသက်တာ ကို ပြုပြင်ပြောင်းလဲ ပေးနေမြဲ၊ ပေးနေဆဲဖြစ်သည်။ အပြစ်သားဖြစ်နေ၍ ကျွန်ုပ် တို့ဖိုးကြွားဖြစ်ခဲ့ပါစေ၊ ထာဝရဘုရား၌ မေတ္တာနှင့်ကရုဏာတော်တည်ရှိနေ၍ တော်လှန်ပုန်ကန်ဝါကြွားတတ်သောသူများကို ကောင်းကင်အရှင်ထာဝရဘုရား ၏ သားကောင်း သမီးမြတ်များအဖြစ် ပြောင်းလဲပေးနိုင်သည်။

                ဖိလိပ္ပိ ၂း၁-၁၁ ကိုဖတ်ပါ။ အသက်တာ၌ ဝါကြွားခြင်းကိုဖယ်ရှား သင့်ကြောင်း မည်သို့တွေ့ရှိဖတ်ရှုရသနည်း။

သောကြာ             ဇန်နဝါရီ ၃၁

ထပ်ဆင့်လေ့လာရန်

                တစ်ချိန်တစ်ခါမှ ဖိုးကြွားဘုရင်ကြီးသည် နောက်ဆုံးထာဝရဘုရား ၏နှိမ့်ချသောသားတစ်ဦးဖြစ်လာခဲ့သည်။ ရက်စက်မှုအပေါင်းသရဖူဆောင်း သော အုပ်ချုပ်မင်း လုပ်ခြင်းမှ ဉာဏ်ပညာသတိနှင့်ကြင်နာမှုရှိသောဘုရင်ဖြစ် သွားခဲ့သည်။ ကောင်းကင်အရှင်ထာဝရဘုရားကို မထီမဲ့မြင်ပြုကာရှုတ်ချခဲ့သော ရှင်ဘုရင်သည် အသိတရားပြန်ဝင်လာပြီး၊ အမြင့်ဆုံးသောသူ၏တန်ခိုးတော် ကို ရိုသေလေးမြတ်ကြောက်ရွံ့လျက်၊ ယေဟောဝါအရှင်ကိုချီးမြှောက်ကာ ပျော်ရွှင်ခြင်းအတိရရှိသွားခဲ့သည်။ ထိုထာဝရဘုရားသည်သာ ဘုရင်တကာ တို့၏ဘုရင်၊ သခင်တကာတို့၏သခင်အစစ်အမှန်ဖြစ်သည်ဟု နေဗုခဒ်နေဇာ မင်းကြီးသင်ယူရရှိသကဲ့သို့ အုပ်ချုပ်သူ၊ အုပ်စိုးသူများ အားလုံးသည်လည်း သင်ယူရန်လို၏။ ထိုကြီးမြတ်ခြင်းသည် ကောင်းမြတ်ခြင်းအစစ်အမှန်ထဲမှ ထွက်လာသည်။ ယေဟောဝါအရှင်သည် ထာဝရအသက်ရှင်တော်မူသော ဘုရားဟု လက်ခံယုံကြည်ကာ၊ ”ငါနေဗုခဒ်နေဇာသည် ကောင်းကင်သို့ မျှော်ကြည့်၍ သတိရပြန်လျှင်၊ အမြင့်ဆုံးသော ဘုရားကို ကောင်းချီးပေး၍ ထာဝရအသက်ရှင်တော်မူသောဘုရားကို ချီးမွမ်းထောမနာပြု၏။ စီရင်ဖန်ဆင်း တော်မူသမျှသောအရာတို့သည် သစ္စာနှင့်ပြည့်စုံ၍ တရားနှင့် ညီလျော်ကြ၏။ မာနထောင်လွှားသောသူတို့ကို နှိမ့်ချခြင်းငှာတတ်နိုင်တော်မူ၏။. . .

                ”ထာဝရဘုရားအလိုတော်ရှိသော ကမ္ဘာပေါ်ရှိအခိုင်ခံ့ဆုံးတိုင်းနိုင်ငံ သည် ကိုယ်တော်ကိုချီးမွမ်းရန်အကြောင်းသည် ယခုတွင်ပြည့်စုံခဲ့ပါပြီ။ လူသိ ရှင်ကြားကမ္ဘာတစ်လွှားကြေညာသော နေဗုခဒ်နေဇာမင်း၏ထာဝရဘုရား၏ မေတ္တာတော်၊ ကရုဏာတော်၊ ကောင်းမြတ်တော်မူခြင်းအကြောင်း၊ အစိုးပိုင် ၍အာဏာတန်ခိုးနှင့်ပြည့်စုံခြင်းအကြောင်းသည် နေဗုခဒ်နေဇာမင်း၏နောက်ဆုံး အသက်တာအပိုင်းကလေးတွင်ဖြစ်ပြီး သန့်ရှင်းသောရာဇဝင်သမိုင်းအဖြစ် ကျန်ရစ်ခဲ့တော့သည်။ Ellen G. White, Prophets and Kings, p. 521.

-ဝ-