When did Jesus Born?
ယေရှုခရစ်တော် မည်သည့်အချိန် က ဖွားမြင်သနည်း
မနေ့ က (၁၂/၁၂/၂၀၂၁) Myanmar Young Crusaders (EBC) facebook page မှ ထုတ်လွှင့်တင်ဆက်သော ဆရာချစ်စမ်းမောင် နှင့် အပေါင်းအပါများ၏ ခရစ္စမတ်သီချင်း သီဆိုမှု အစီအစဉ်ကို ကြည့်ဖြစ်ပါသည်။ ခြောက်ကြိုးကဝေ ဆရာချစ် တီးခတ်မှုကို နှစ်ခြှိုက်လှသဖြင့် ၃၊၄ ပုဒ် ထက်မနည်း နားဆင်ဖြစ်သည်။ သူတို့သီဆိုသွားသော သီချင်းများမှာ ခရစ္စမတ်သီချင်းများဖြစ်သော်လည်း ကယ်တင်ရှင် ဖွားမြင်သည့် အကြောင်းထက် “အေးချမ်းသောဆောင်းည” ၊ “တဖွဲဖွဲကျသော ဆောင်းနှင်းဖွေး” စသည့် စာသားများကို အလေးပေးကြမှန်း သတိပြုမိသည်။ မြန်မာလို စပ်ဆိုထားသော ခရစ္စမတ်သီချင်းများမှာ ထိုသို့နှင်နှင် ဖြစ်တတ်ကြ၏။
အနောက်နိုင်ငံများမှာ ချမ်းအေးသောတိုင်းပြည်များဖြစ်၍ သူတို့ဆီမှ မြင်ရကြားရသမျှက ကျွန်ုပ်တို့၏ စိတ်နှလုံးကို လွှမ်းမိုးနိုင်၍ပဲလားဟု ကျွန်ုပ် စဉ်းစားမိပါသည်။ ခရစ္စမတ်ပွဲတော်ရက်ကို ဒီဇင်ဘာလ ၂၅ ရက်နေ့ရောက်တိုင်း ကျင်းပပြုလုပ်ကြသည်ဖြစ်ရာ ထိုအချိန်သည် ကမ္ဘာ့မြောက်ဘက်ခြမ်းတွင် ချမ်းအေးသောကာလဖြစ်၍ ကမ္ဘာ့တောင်ဘက်ခြမ်းတွင်ကား ဖာရင်ဟိုက် ၁၀၀အထက်တွင်ရှိ၍ ချွေးသီးချွေးပေါက်များ တဒီးဒီးကျသော နွေရာသီဖြစ်သည်။ ထို့ကြောင့်ပင် ခရစ္စမတ်ပွဲတော်ရက်ကာလ၌ အအေးပိုခြင်းနှင့် နှင်းကျခြင်းတို့ကို လိုအပ်သည်ထက် ပိုလုပ်ကြခြင်း ဖြစ်ပေမည်။ ဤအကြောင်းနှင့်ဆက်စပ်၍ ကယ်တင်ရှင်၏ ဖွားရက်အတိအကျမှာ ဘယ်အချိန်ဖြစ်မည်နည်းဟု ကျွန်ုပ် စောကြောမိပါသည်။
ယေရှုခရစ်တော် မည်သည့်ခုနှစ်တွင် ဖွားမြင်သနည်း
ခရစ်တော်ဖွားမြင်သည့် ရက်စွဲအတိအကျ မသိရသော်လည်း ရှင်မဿဲနှင့် ရှင်လုကာကျမ်းလာ ခရစ်တော်ဖွားမြင်ချိန်ကို ပညာရှင်များက ချိန်ထိုးကြည့်သောအခါ ဘီစီ ၆ နှင့် ၄ ကြား ဖြစ်မည်ဟု ဆိုကြ၏။ အကြောင်းမှာ ယေရှုဖွားမြင်ချိန်တွင် ယုဒပြည်ကို အုပ်စိုးသူမှာ ဟေရုဒ်မင်းကြီးဖြစ်၍ (မ ၂:၁) ထိုဟေရုဒ်မင်းကြီးသည် ဘီစီ ၄ တွင် နတ်ရွာစံကြောင်း သမိုင်းပညာရှင်များက အတိအလင်း ဆိုထားကြ၏။ ထို့အပြင် ဂျူးသမိုင်းပညာရှင် ဂျိုဆီးဖက်(Josephus) ဆိုသူက ယေရှုဖွားမြင်ချိန်က သန်းခေါင်စာရင်းကောက်ယူခြင်းမှာ ဘီစီ ၆ ခုနှစ်တွင်ဟု ဆိုထားသောကြောင့် ယေရှုဖွားမြင်ချိန်မှာ ဘီစီ ၇-၆ အကြားဟု ဆိုသူများလည်း ရှိကြပြန်သည်။ မည်သို့ဆိုစေ ရှင်လုကာကျမ်းလာ သန်းခေါင်စာရင်းမှာ “ကုရေနိသည် ရှုရိပြည်၌ မြို့ဝန်ဖြစ်စဉ်တွင်၊ ဤပထမစာရင်းယူခြင်း ဖြစ်သတည်း” ဟုဆိုမည့်အစား “မြို့ဝန်မဖြစ်မီ” ဟုမှတ်ရမည်ဟုပညာရှင်များဆိုထားသဖြင့် ယေရှုဖွားမြင်ချိန်မှာ ဘီစီ ၆-၄ အတွင်းဖြစ်ပြီး ယေရုဒ်မင်းကြီး နတ်ရွာစံသည့်နှစ်မှာ ဘီစီ ၄ ဖြစ်ဖွယ်ပိုရှိသည်ဟု အများအပြားက ယုံကြည်ကြ၏။
ရှင်ယောဟန် ၂:၂၀ တွင် ယေရုဒ်မင်းကြီးက ဗိမာန်တော် ဆောက်လုပ်ခဲ့သည်မှာ နှစ်ပေါင်း ၄၆ နှစ်ရှိပြီဖြစ်ကြောင်း တစွန်းတစ ပါလာ၏။ ထိုဗိမာန်တော်မှာ ဘီစီ ၂၀ တွင် ဟေရုဒ်မင်းကြီးက အစပြု ဆောက်လုပ်ခြင်းဖြစ်သဖြင့် ဗိမာန်တော်ဆောက်ပြီး ၄၆ နှစ်ပြည့်သောနှစ်မှာ အေဒီ ၂၆/၂၇ ဖြစ်ရပေမည်။ ထိုအချိန်က ယေရှု လုပ်ငန်းစတင်ပြီးဖြစ်ရာ ရှင်လုကာ ၃:၂၃ တွင် ယေရှု လုပ်ငန်းစတင်ချိန်၌ သက်တော် ၃၀ ဟု ဆိုထားသောကြောင့် ဤအကြောင်းခြင်းရာများကို ခြုံငုံသုံးသပ်ကြည့်လျှင် ယေရှုဖွားမြင်ချိန်မှာ ဘီစီ ၆-၄ အတွင်း တစ်ချိန်ချိန်တွင်ဖြစ်ကြောင်း အလွန်သေချာသည်။
သိပ္ပံရှုထောင့်မှ ဖော်ပြချက်ကို ကြည့်မည်ဆိုလျှင် ကင်းဂရိတ်ချ်တက္ကသိုလ်မှ ပါမောက္ခ ကောလင်းဂျေဟမ်ဖရေ (Professor Collin J. Humphrey of Cambridge University) က နက္ခတ္တဗေဒဆိုင်ရာ တော်ဝင်အဖွဲ့အစည်း (Journal of Royal Astronomical Society) သုံးလတစ်ကြိမ်ထုတ်ဂျာနယ်” ၏ ၁၉၉၁ ခုနှစ် ဒီဇင်ဘာလထုတ် အတွဲ ၃၂၊ အမှတ် ၄ စာမျက်နှာ ၃၈၉ တွင် ဘီစီ ၅ ခုနှစ် ဝန်းကျင်က တွေ့ရသော ကြယ်တံခွန်မှာ “ဗက်လင်ကြယ်” (Star of Bethlehem) ဖြစ်ဖွယ်ရှိသဖြင့် ယေရှုဖွားမြင်ချိန်မှာ ဘီစီ ၅ ဧပြီိလ ၅ ရက်နေ့ဟု သိပ္ပံရှုထောင့်မှ ဖွင့်ဟခဲ့ဖူးသည်။
တကယ်တမ်းဆိုလျှင် ဘီစီနှင့် အေဒီမှာ ယေရှုဖွားမြင်ချိန် မှ အစပြုသော သက္ကရာဇ်ဖြစ်သောကြောင့် ယေရှုသည် ၀ (သုည)ဘီစီ၊ ၀ (သုည) အေဒီ တွင် ဖွားမြင်သော်လည်း ပြက္ခဒိန်ဆိုသည်များမှာ နောင်အခါမှ ပေါ်လာခြင်းဖြစ်၍ ရက်စွဲအမှားအယွင်းကြောင့် အေဒီ ၀ (သုံည) တွင် ဖွားမြင်သင့်သော်လည်း ယေရှုမှာ ပြက္ခဒိန် အရ ဘီစီ ၆-၄ တွင် မွေးဖွားလာရခြင်း ဖြစ်သည်။
မည်သည့် နေ့ရက် တွင် ယေရှုဖွားမြင် သနည်း
ယေရှုဖွားမြင်သည့် ခုနှစ် အတိအကျ မသိရ သကဲ့သို့ ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ယေရှု ဧကန်အမှန် မီးရှူးသန့်စင်ဖွားမြင်သလော ဟူသည့်မေးခွန်းလည်း ရှိပြန်၏။
“History Today” စာအုပ်ထဲတွင် အလက်ဇန္ဒားမာရေး (Alexander Murray) က ဒီဇင်ဘာ ၂၅ ရက်နေ့ကို ခရစ္စမတ်ပွဲတော်ရက်အဖြစ် အသုံးပြုခြင်းမှာ ယေရှု၏ဖွားရက်မဟုတ်ဘဲ မိစ္ဆာဒိဌိပွဲတော်ဖြစ်သော “Saturnalia” နှင့်ဆက်စပ်သည်ဟု ဆို၏။ ဤပွဲတော်မှာ ဆောင်းကာလ နေ့တာအတိုဆုံးနေ့ (winter solstice) နှင့်ဆက်စပ်၍ ရောမများပွဲခံသော Saturn ပွဲတော်အဖြစ် ကျင်းပခြင်းဖြစ်ရာ ဒီဇင်ဘာလ ၁၇ မှ ၂၃ ရက်နေ့အထိ ဖြစ်သည်။ ထိုပွဲတော်အတွင်း Saturn ဗိမာန်တော်၌ ဝတ်ပြုခြင်းပြုကြ၏။
အခြားမူကွဲ တစ်ခုမှာ “ရောမများပွဲတော်”တစ်ခုဖြစ်သော “Natali Soli Invicti” ဟူသောပွဲတစ်မျိုးရှိကာ ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်ကြသည်။ ထင်ရှားသော ရောမမင်းဧကရာဇ်များစွာနှင့် စပ်လျဉ်း၍ ကျင်းပရသော ပွဲတော်ဖြစ်သည်။ ထိုနတ်ကိုးကွယ်မှုကို ခရစ်ယာန်ယုံကြည်ချက်က နှောက်လှန်ပစ်နိုင်ခဲ့သဖြင့် ဒီဇင်ဘာ ၂၅ ရက်နေ့ကို ခရစ္စမတ်ပွဲတော်အဖြစ် ပွဲခံခြင်းဖြစ်သည်ဟု ဆိုသူများလည်း ရှိကြပြန်၏။ ယေးလ်တက္ကသိုလ်မှ အင်ဒရူးမက်ဂိုဝင် (Andrew McGowen) က အထက်တွင် ကျွန်ုပ်တို့ ပြောဆိုထားသော နတ်ကိုးကွယ်မှုကို ခရစ်ယာန်မှုပြုခြင်းဖြစ်သည်ဟူသော အဆိုမှာ ၁၂ ရာစုက ခရစ်ယာန်ဝါဒဖြန့်မှု သက်သက်သာဖြစ်၍ အခြေအမြစ်မရှိဟု ဆို၏။
အချို့က ဒီဇင်ဘာ၂၀ ရက်နောက်ပိုင်း နေ့တာအတိုဆုံးနေ့ Solstice နှင့်ဆက်စပ်၍ ခရစ္စမတ်ပွဲတော် ကျင်းပခြင်းဖြစ်ရာ နှစ်ခြင်းဆရာယောဟန်က “ထိုသခင်သည် တိုးပွားခြင်း ရှိရမည်။ ငါမူကား ဆုတ်ယုတ်ခြင်း ရှိရမည်” ဟု ဆိုထားသည်နှင့်အညီ သူ၏မွေးနေ့ပွဲဖြစ်သော “Nativity of St. John the Baptist” ကို ဒီဇင်ဘာလ ၂၅ ရက်နေ့နှင့် ကက်ကင်းဖြစ်အောင် ဇွန်လ ၂၅ ရက်နေ့တွင် ကျင်းပသည်ဟု ပြောဆိုကြသည်။
ဒီဇင်ဘာလ ၂၅ ရက်နေ့ကို ခရစ္စမတ်ပွဲတော်ရက်အဖြစ် ကျင်းပခြင်းနှင့် စပ်လျဉ်း၍ အစောဆုံး တွေ့ရသော သမိုင်းမှတ်တမ်းမှာ ၃ ရာစုက ဖြစ်၍ ရောမမြို့သား ဟီပိုလီးတပ်စ်(Hyppolytus of Rome) ၏ အရေးအသားမှ ဖြစ်သည်။ ဟီပိုလီးတပ်စ် အဆိုအရ မတ်လ ၂၅ ရက်နေ့မှာ ဒီဇင်ဘာလထဲက နေ့တာအတိုဆုံးနေ့မှ ဇွန်လထဲက နေ့တာအရှည်ဆုံးနေ့သို့ လှည့်သောနေ့ဖြစ်ကာ နေ့တာနှင့်ညတာရှည်ချိန် ထပ်တူကျသော “Spring Aquinos” ဖြစ်၍ ယေရှုလည်း ထိုနေ့ရက်တွင် မိခင်၏ ဝမ်းကြာတိုက်ထဲ၌ သန္ဓေစတည်သည်။ ဇီဝိန်ကြွေသော ရက်မှာလည်း ထိုနေ့ပင် ဖြစ်၏။ အထင်ကရပုဂ္ဂိုလ်ကြီးများသည် ဖွားမြင်သောရက်တွင် ဆုံးပါးသွားတတ်ကြပေရာ ယေရှုလည်း ဇီဝိန်ကြွေသောရက်တွင် သူငယ်တော်အဖြစ် ပဋိသန္ဓေစတည်၍ ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ဖွားမြင်သည်ဟု ဆို၏။ကနဦးအသင်းတော် ဖခင်ကြီးများထဲမှ အဟောအပြောကောင်းသူအဖြစ် ထင်ရှားသော ဂျွန် ခရစ်စောစတွမ်း (John Chrysostom) ကလည်း ဒီဇင်ဘာ၂၅ ရက်နေ့တွင် ယေရှုဖွားမြင်သည်ဟု ဆိုခဲ့ဖူးကာ ရှင်လုကာ ၁း၈-၁၁ လာ ယဇ်ပရောဟိတ်ကြီး၏ နံ့သာပေါင်း မီးရှို့ခြင်းမှာ ဝတ်ပြုပွဲနေ့ (Day of Atonement; Heb. Yom Kippur) ဖြစ်ပြီး အောက်တိုဘာလကုန်ပိုင်းဖြစ်သောကြောင့် ယေရှုဖွားမြင်ချိန်မှာ ထိုအချိန်မှ ၁၅ လ မြောက် ဒီဇင်ဘာလဟု တွက်ဆသည်။ သူ၏ တွက်ဆချက်အပေါ် လိုက်၍ ခရစ္စမတ်ပွဲတော် ကျင်းပခြင်းမဟုတ်ဘဲ ရှိနှင့်ပြီးသား ခရစ္စမတ်ပွဲတော်ကို အတည်ပြုပေးရန် တွက်ချက်ခြင်းသာ ဖြစ်ပေသည်။
မည်သည့်လ ဖြစ်နိုင်မည်နည်း
ကနဦးအသင်းတော်ကာလမှစ၍ ရောမအင်ပါယာ၏ အနောက်ဘက်ခြမ်းတွင် ဒီဇင်ဘာလ ၂၅ ရက်နေ့နှင့် အရှေ့ဘက်ခြမ်းတွင် ဇန်နဝါရီလ ၆ ရက်နေ့တို့အား ခရစ္စမတ်ပွဲတော်ရက်အဖြစ် အသီးသီး သတ်မှတ်ကြပြီး ထိုနေ့ရက်များ နှင့်ပတ်သက်၍ ပြိုင်ဆိုင်မှု အကြီးအကျယ်ရှိခဲ့သည်။
သမ္မကျမ်းစာ အရ ကြည့်လျင် ရှင်လုကာ ၁း၂၆-၂၇ ၌ နှစ်ခြင်းဆရာယောဟန်၏ မိခင် ဧလိရှဗက်က ယောဟန်ကို ကိုယ်ဝန်စလွယ်ပြီး ၆ လအကြာတွင် ကိုယ်တော်၏ မိခင်မာရိ သွားရောက်လည်ပတ်သော ဟူ၏။ ထို့ကြောင့် ယောဟန်မွေးဖွားပြီး ၅-၆ လ တွင် ကိုယ်တော်ဖွားမြင်ကြောင်း ထင်ရှား၏။
ဒုတိယအနေဖြင့် ယောဟန်၏ ဖခင် ဇာခရိက ယဇ်ပရောဟိတ် တာဝန်ထမ်းဆောင်စဥ်က သူသည် အဘိယအသင်းဝင် (ရှင်လုကာ ၁း၅) ဖြစ်၏။ ဒါဝိဒ်မင်းကြီးက ယဇ်ပရောဟိတ်များကို တာဝန်ပေးစဥ် အသင်း ၂၄ သင်းအဖြစ် တိတိကျကျ ခွဲထားပေးခဲ့၏။ (၁ ရာ ၂၄း၇-၁၁ တွင် ပဌမယောယာရိပ်၊ ဒုတိယသူယေဒါယ၊ တတိယသူဟာရိမ်၊ စတုတ္ထသူစောရိမ်၊ ပဉ္စမမာလခိယ၊ ဆဋ္ဌမသူမိယမိန်၊ သတ္တမသူဟက္ကုတ်၊ အဋ္ဌမသူအဘိယ၊ နဝမသူယေရွှာ၊ ဒသမသူရှေကနိ… စသဖြင့် အတိအကျ ခွဲထားသည်ကို တွေ့ရသည်။
ဤအသင်း ၂၄ သင်းတွင် အသင်းတစ်သင်းက သီတင်းပတ်တစ်ပတ်စီ တာဝန်ယူကြကာ အရေးပါသော ပွဲများတွင် အားလုံးဝိုင်းဝန်းလုပ်ဆောင်ကြ၏။ ဂျူးလူမျိုးများတွင် ပြက္ခဒိန်နှစ်မျိုးရှိ၍ အစိုးရပြက္ခဒိန်မှာ စက်တင်ဘာလကုန် “Rosh Hashanna” ဟုခေါ်သော “နှစ်ဦး” သို့မဟုတ် နှစ်သစ်တွင် အစပြုသည်။ အခြားနောက်တစ်မျိုးမှာ ဘာသာရေးပြက္ခဒိန်ဖြစ်၍ မတ်လကုန်ပိုင်း နိသန်လတွင် အစပြုသည်။ လသော်တာရက်စွဲအတိုင်း ရေတွက်ခြင်းဖြစ်၍ တစ်လတွင် ရက်ပေါင်း ၃၀ ရှိကာ ၆ နှစ်ပြည့်တိုင်း ၁၃ လ ရှိ၏။ ရှောလမုန်ဗိမာန်တော် ဖျက်ဆီးခံရသောအခါ ဘာသာရေးလုပ်ငန်းများ အချိန်တစ်ခုအထိ ဆိုင်းငံ့ထားသော်လည်း ပြည်နှင်ခံရာမှ ဂျူးများ ပြန်ရောက်လာသောအခါ ယဇ်ပရောဟိတ်လုပ်ငန်း ပြန်လည်စတင်သည်။
ယဇ်ပရောဟိတ်အသင်းဝင် ပထမသုတ်များ မတ်လကုန်တွင် လုပ်ငန်းစတင်ပါက အဋ္ဌမမြောက် အဘိယအသင်းထဲမှ ဇာခရိက ရက်သတ္တပတ်ကိုးပတ်မြောက် တတိယလဖြစ်သော သိဝန်လ ပထမပတ်တွင် လုပ်ငန်းစတင်မည် ဖြစ်သည်။ အကြောင်းမှာ နိသန်လ တတိယပတ်မှာ ပဿခါပွဲတော်ဖြစ်သောကြောင့် ယဇ်ပရောဟိတ်များအားလုံး အလုပ်တွဲလုပ်ကြရပေမည်။ ဇာခရိ လုပ်ငန်းတာဝန်ထမ်းဆောင်စဥ် ကောင်းကင်တမန်က ကလေးရမည့်အကြောင်း ပြောကြားမည်ဖြစ်ပြီး ထိုရက်သတ္တပတ် ကုန်ဆုံးသွားသော်လည်း အိမ်ပြန်၍ မရသေးပေ။ အကြောင်းမှာ Shavuot သို့မဟုတ် ပင်တေကုတ္တေပွဲကို အခြား ယဇ်ပရောဟိတ်များနှင့် အတူတွဲလုပ်ရဦးမည်ဖြစ်သည်။ နောက်ရက်သတ္တပတ်မှ အိမ်ပြန်ခွင့်ရ၍ ဇနီးသည်နှင့် အတူအိပ်ကာ ဇနီးသည် ဧလိရှဗက်က ကိုယ်ဝန်စရမည်ဖြစ်၏။ သိဝန်လအကုန်ပိုင်းတွင် ဖြစ်မည်။
ထိုအချိန်နောက်ပိုင်း ခြောက်လအကြာတွင် ကိုယ်တော်၏ မိခင် မာရိ သွားရောက်လည်ပတ်သည်။ ကိုယ်တော်ထက် ယောဟန်က အသက် ၆ လ ပိုကြီး၏။ သို့ဆိုလျင် ကိုယ်တော် ဖွားမြင်ချိန်မှာ နောက်နှစ် စက်တင်ဘာလ အလယ်လောက် ကျပေမည်။ ဒီဇင်ဘာ ၂၅ ရက်နေ့ကား ဟုတ်ဟန်မတူ။
သိုးထိန်းဆိုသူများကော
သို့ဆိုလျင် သိုးထိန်းများသည် စက်တင်ဘာလ၌ တောထဲတွင် သိုးများ ထိန်းကျောင်းရင်း ညအိပ်ရပေမည် (ရှင်လုကာ ၂း၈)။ ဥတုရာသီနှင့် အံကိုက်ဖြစ်၏။ အကြောင်းမှာ ပါလက်စတိုင်းပြည်တွင် ဆောင်းတွင်း၌ အတော်ပင်အေးကာ နှင်းများလည်း ကျတတ်သဖြင့် ဒီဇင်ဘာလ၌ မည်သူကမျှ တောထဲတွင် ညအိပ်၍ သိုးမကျောင်းကြတော့ပေ။ စက်တင်ဘာလ၌ အအေးလွန်ကဲခြင်း မရှိသေးသဖြင့် ကောင်းကင်တမန်က သိုးထိန်းများထံ၌ ကိုယ်တော်ဖွားမြင်မည့်အကြောင်း သွားရောက်ပြောကြားစဥ်က သိုးထိန်းများ တောထဲ၌ ညအိပ်၍ ရသေးသည်။ ထို့အပြင် ပါလက်စတိုင်းတွင် မွေးမြူကြသော သိုးများမှာ သိုး အမျိုးစုများထဲမှ “Awassi” ဟု ခေါ်သော ဆိုင်ရိုအာရေဗီယန် သဲကန္တာရမှ ဖြစ်၍ ဆောင်းဦးကာလ စက်တင်ဘာလတွင် မိတ်လိုက်ကြသဖြင့် ဒီဇင်ဘာလ၌ သိုးမများတွင် ဇီးရှိကြတော့ကာ အပြင်မလွှတ်ကြတော့ပေ။ ထိုအချိန်ဆိုလျင် အပြင်၌ အလွန်အေးတော့၏။
ထို့အပြင် စက်တင်ဘာလ၌ ယေရှုဖွားမြင်ခဲ့လျင် တဲပွဲတော်ကာလဖြစ်ရာ ရှင်ယောဟန် ၁း၁၄ တွင် ယောဟန်က “နှုတ်ကပတ်တော်သည်လည်း လူ့ဇာတိအဖြစ်ကို ခံယူ၍ ငါတို့တွင် တည်နေတော်မူသည်” ဟု ဆိုထား သော ဝါကျတွင် အသုံးပြုထားသော ဂရိစကားလုံးမှာ “skenno” ဖြစ်၍ အနက်မှာ “တဲထဲတွင် နေထိုင်သည်” “နေထိုင်” ဟု ဆိုထားသောကြောင့် ရှင်ယောဟန်က ကိုယ်တော်ဖွားမြင်သောလနှင့် “တဲပွဲတော်” (Feast of Tabernacle or Booths) ထပ်တူကျသဖြင့် ဤစကားလုံးကို အသုံးပြုထားခြင်း ဖြစ်လေမလားဟု ဆိုသူများ ရှိသည်။
တခြားရှုထောင့်မှ ကြည့်လျင် ဂျူးလူမျိုးများအတွက် အလွန် အရေးပါသော ပွဲတော်ကြီး သုံးမျိုးရှိ၏။ ၎င်းတို့မှာ ပသခါပွဲ၊ ပင်တေကုတ္တေပွဲနှင့် တဲတော်ပွဲတို့ ဖြစ်သည်။ အမျိုးသားတိုင်း ယေလုရှလင်သို့ သွား၍ ထိုပွဲများတွင် ပါဝင်ဆင်နွဲကြရသည်။ ကိုယ်တော့်အသက်တာနှင့် ဤပွဲတော်များ အမြဲဆိုသလို ဆက်စပ်ပတ်သက်၏။ ကိုယ်တော်သည် တဲတော်ပွဲအတွင်း ဖွားမြင်၍ ပသခါပွဲအတွင်း၌ အသေသတ်ခြင်းခံရကာ သေခြင်းမာန်ကို အောင်မြင်၍ ရှင်ပြန်ထမြောက်ပြီး ပင်တေကုတ္တေနေ့တွင် သန့်ရှင်းသော ဝိညာဥ်တော် သွန်းလောင်းတော်မူသည်။
ဆိုရလျင် ဇာခရိအပေါ် ကိုယ်ထင်ပြသော ကောင်းကင်တမန် ပေါ်ထွန်းလာချိန်မှာ သိဝန်လအတွင်း ယဇ်ပရောဟိတ်အမှုပြုစဥ် မဟုတ်ဘဲ ဒုတိယအကြိမ် ယဇ်ပရောဟိတ်အမှုပြုချိန်လည်း ဖြစ်နိုင်ပေ၏။ ၆ လအကြာတွင် ဖြစ်ပေမည်။ ကိုယ်တော်၏ မိခင်မာရိအပေါ် ဂါဗြေလ ကိုယ်ထင်ပြခြင်းမှာ ဇွန်လလောက်ဖြစ်နိုင်ပြီး ကိုယ်တော် ဖွားမြင်ချိန်မှာ မတ်လလောက် ဖြစ်ဖွယ်ရှိ၏။ ဤအတိုင်း ပြောဆို ရေးသားမှုကိုလည်း ကျွန်ုပ် တစ်ခါဖူးမျှ မမြင်မကြားဖူးသေးပါ။
ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ခရစ္စမတ်ပွဲတော်ကျင်းပခြင်း မှားသလော
မှားသည်ဟု မဆိုသာပါ။ ဖြစ်နိုင်ဖွယ်ရှိသော ရက်စွဲများကို ပြောဆိုဆွေးနွေးခြင်းသာ ဖြစ်၍ ရက်စွဲအတိအကျသိသူ မရှိသည့်အပြင် ထိုရက်စွဲလည်း ပဓာနမကျပေ။ အရေးကြီးသည်မှာ ကိုယ်တော်သည် လူ့ဇာတိခံယူပြီး လူသားအဖြစ် ဖွားမြင်လာခြင်းသာလျင် အခရာဖြစ်၏။ ဘုရားသခင်က လူသားအတွက် ထိုမွေးနေ့မှာ အသိပေးရလောက်အောင် အရေးမကြီးသဖြင့် အသိမပေးခြင်းသာ ဖြစ်သည်။ အသိပေးထားခြင်းမရှိသည်အပြင် အချို့က လိုသည်ထက် ပို၍ ပြုမူလုပ်ဆောင်ကြသဖြင့် အသိသာပေးခဲ့ပါက ပြောဖွယ်ရာပင် မရှိတော့။ မောရှေက တောကြီးထဲတွင် ပြုလုပ်သော ကြေးဝါဖြင့်ပြုလုပ်သော မြွေကိုပင် နောင်အခါ၌ “နာဟူးစတန်” ဟု ကင်ပွန်းတပ်၍ ပြတ်ဝပ်ကိုးကွယ်ကြသဖြင့် ဟေဇကိမင်းကြီးက မီးရှို့ဖျက်ဆီးပစ်ခဲ့သည် (၄ ဓမ္မဇဝင် ၁၈း၄)။ ကိုယ်တော့်မွေးရက်မြတ်မင်္ဂလာကိုသိ၍၊ သူအသုံးပြုခဲ့ဖူးသော အရာဝတ္ထုတစ်ခုခုကိုသာ သိမ်းဆည်းသိုမှီးထားခဲ့လျင် ကိုယ်တော်သခင်ကို ဝတ်ပြုကိုးကွယ်မည့်အစား ထိုအရာများကို ကိုးကွယ်ချင်သူ ဒုနှင့်ဒေး ရှိပေလိမ့်မည်။
ကျွန်ုပ်တို့အတွက် ကယ်တင်ရှင်ဖွားမြင်တော်မူပြီ၊ ဝမ်းမြောက်သောစိတ်ဖြင့် ကြိုဆိုဂုဏ်ပြုကြကုန် အံ့။
(Rev. Zam Khat Kham PhD ၏ “Topa Zeisu Bang Huna Suak?” ကို ပြန်ဆိုခြင်းဖြစ်သည်။ ဘာသာပြန်ပေးသော ဆရာထွန်း (ဟင်းလေးအိုး၊ ကလေးမြို့) ကိုအထူးပင် ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။ ZKK)